“ရုရှားနှင့်တရုတ်နိုင်ငံတို့ကို ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်စေလိုကြောင်း သမ္မတ ထရမ့်ပြော”
21 Feb
ဂါဇာဒေသတည်ငြိမ်ရေးအတွက် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ရုရှားနှင့်တရုတ်နိုင်ငံတို့ကို ပါဝင်လာစေလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထရမ့် က ထိုသို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပြီး ခွဲခြားမှုမရှိဘဲ အယူအဆစုံလင်စွာ ပါဝင်ရန် လိုအပ်သဖြင့် ရုရှားနှင့်တရုတ်နှစ်နိုင်ငံစလုံးကို ဖိတ်ကြားထားသည်ဟု ဆိုသည်။ ဝါရှင်တန်၌ကျင်းပသည့် အဆိုပါဘုတ်အဖွဲ့၏ ပထမဆုံးအကြိမ်အစည်းအဝေးသို့ နိုင်ငံပေါင်း ၄ဝ ခန့်မှခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိများ တက်ရောက်သည်။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် နိုင်ငံပေါင်း ၂ဝ ကျော်က ပါဝင်ရန်လက်ခံထားပြီး ၃၅ နိုင်ငံခန့်က စိတ်ဝင်စားမှု ရှိသော်လည်း ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နှင့် အီတလီတို့ကမူ ကုလသမဂ္ဂ၏လုပ်ပိုင်ခွင့်ကို ထိခိုက်စေနိုင်ခြင်းနှင့် ရုရှား ပါဝင်ပတ်သက်မှုများအပေါ် စိုးရိမ်သဖြင့် ငြင်းဆန်ထားသည်။ ဇန်နဝါရီလက ဒါးဗို့မြို့၌ ကျင်းပသည့် ကမ္ဘာစီးပွားရေး ဖိုရမ်တွင် ဖွဲ့စည်းခဲ့သော ယင်းဘုတ်အဖွဲ့ကို ထရမ့် က ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည် ဖြစ်သည်။ ဂါဇာ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်ကဒေါ်လာ ၁ဝ ဘီလီယံနှင့် အခြားအဖွဲ့ဝင် ကိုးနိုင်ငံက စုစုပေါင်း ၇ ဘီလီယံ ထည့်ဝင်ရန် ကတိပြုထားသည်။ ရုရှားက ထိုကမ်းလှမ်းချက်အပေါ် လေ့လာနေဆဲဖြစ်သော်လည်း တရုတ်နိုင်ငံကမူ ကုလသမဂ္ဂဗဟိုပြုသည့်စနစ်အပေါ် ကတိကဝတ်ပြုထားသဖြင့် ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့ကြောင်း RT သတင်း ဌာန ဖော်ပြချက်အရ သိရသည်။