“၁၀ လအတွင်း FDI ဒေါ်လာသန်း ၄၀၀ နီးပါး ဝင်ရောက်ထား”
21 Feb
ယခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်၏ ၁၀ လတာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၄၀၀ နီးပါးဝင်ရောက်ထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၌ အများဆုံးဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရပါတယ်။ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၇ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၉၈ ဒသမ ၃၅၇ သန်း ဝင်ရောက်ထားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ဝင်ရောက်မှုအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၆၃ ခုဖြင့် အများဆုံးဝင်ရောက်ထားပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ လုပ်ငန်းသစ် ၁ ခု၊ ဝန်ဆောင်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၃ ခု ဝင်ရောက်ရင်းနှီးမြှုပ်နှံထားပါတယ်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ/ဒေသ ပေါင်း ၅၃ နိုင်ငံရှိသည့်အနက် စင်ကာပူ၊ တရုတ်နှင့်ထိုင်းနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရပါတယ်။ (NVS 004)