“ရုရှား-မြန်မာ အရေးပေါ်တုံ့ပြန်ရေးဗဟိုဌာနထူထောင်ရန် MoU ရေးထိုးမည်”
21 Feb
ရုရှား-မြန်မာ အရေးပေါ်တုံ့ပြန်ရေးဗဟိုဌာနထူထောင်ရန် နားလည်မှုစာချွန်လွှာ(MoU)ရေးထိုးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် ရုရှား-မြန်မာ ကုန်သွယ်ရေးဆိုင်ရာ တာဝန်ခံကိုယ်စားလှယ် Mr. Konstantin Kanarev နှင့် ရုရှားနိုင်ငံ၏ အကြီးဆုံးလူမှုအကျိုးပြုအဖွဲ့အစည်းဖြစ်သော ရှမာနော့ဗ် ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်အဖွဲ့တို့က ဖေဖော်ဝါရီလ ၁၉ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။ ရှမာနော့ဗ်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံရှိ ဘေးသင့်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပစ္စည်းများ ပေးအပ်မည့်ကိစ္စ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ပြည်သူ့ကာကွယ်ရေး၊ အရေးပေါ်ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကျိုးဆက်များ တားဆီးရေးဝန်ကြီး ဌာနတို့ကြား ရုရှား-မြန်မာ အရေးပေါ်တုံ့ပြန်ရေးဗဟိုဌာနထူထောင်ရန် MoU ရေးထိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မန္တလေးငလျင်ကြီးအတွက် ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာမှ အကူအညီပေးအပ်ခဲ့မှုများ၊ ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)