“အီးစီးကရက်နှင့်ဆက်စပ်ပစ္စည်များ ရောင်းဝယ်သုံးစွဲပါက ဥပဒေအရအရေးယူမည်‎”

21 Feb

အီလက်ထရောနစ်အငွေ့ရှူစက် (Electronic Smoking Device) ဖြစ်တဲ့ အီလက်ထရောနစ် စီးကရက် (Electronic Cigarette)၊ အပူပေးအငွေ့ရှူစက်၊ အီလက်ထရောနစ် ရှီရှားနှင့် ဆက်စပ်ပစ္စည်းများကို အရေးကြီး ကုန်စည်များအဖြစ် သတ်မှတ်ကာ ၎င်းတို့အား တင်သွင်းတင်ပို့ခြင်း၊ ရောင်းဝယ်ခြင်းနှင့် အသုံးပြုခြင်းတို့ လုပ်ဆောင် ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် ကုန်စည်များအပေါ်တားမြစ်မိန့်ကို ထုတ်ပြန်ပါတယ်။ ‎ တားမြစ်မိန့်ထုတ်ပြန်လိုက်တဲ့ အရေးကြီးကုန်စည်များမှာ အီလက်ထရောနစ်အငွေ့ရှူစက်(Electronic Smoking Device)ဖြစ်တဲ့ အီလက်ထရောနစ် စီးကရက် (Electronic Cigarette) နဲ့ ၎င်းကဲ့သို့ အလားတူပစ္စည်းများနှင့် ယင်းတို့ရဲ့ ဆက်စပ်ပစ္စည်းများဖြစ်တဲ့ ဥပမာ အငွေ့ရှူတံ၊ ဓာတုဗေဒဆေးရည် (E-liquid) ထည့်သည့်ပစ္စည်းများ၊ အငွေ့ထွက်စေတဲ့ အပူပေး ကိရိယာ၊ မိုက်ခရို ပရိုဆက်ဆာ၊ ဘက်ထရီ၊ အားသွင်းစက် စတဲ့ ဆက်စပ်ပစ္စည်း ၁၂ မျိုး ပါဝင်တယ်လို့ အဆိုပါအမိန့်ထဲမှာ ဖော်ပြထားပါတယ်။ အပူပေးအငွေ့ရှူစက် (Heated Smoking Device) နဲ့ ၎င်းကဲ့သို့ အလားတူပစ္စည်းများနှင့် ယင်းတို့ရဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဥပမာ အငွေ့ထွက်စေသည့် အရာဝတ္ထုအား အပူပေးရန်ထည့်သည့် ပစ္စည်းနှင့် ၎င်းပစ္စည်း၏ အပြင်ခွံအပါအဝင် ဆက်စပ်စ္စည်း ၁၄ မျိုး တို့ ပါဝင်ပါတယ်။ အီလက်ထရောနစ် အငွေ့ရှူစက် ဖြစ်တဲ့ အီလက်ထရောနစ် ရှီရှား (Electronic Shisha) ၊ ၎င်းကဲ့သို့ အလားတူ ပစ္စည်းတွေနဲ့ ယင်းတို့ရဲ့ ဆက်စပ်ပစ္စည်းများဖြစ်တဲ့ ဥပမာ အငွေ့ရှူတံ၊ အငွေ့ရှူပိုက် အပါအဝင် အခြားဆက်စပ်စ္စည်း ၁၆ မျိုးကိုလည်း အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။ အခုလိုသတ်မှတ်ထားတဲ့ ကုန်စည်တွေကို မည်သူမဆိုတင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ် ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူး၊ အသုံးပြုခြင်း ဒါမှမဟုတ် စားသုံးခြင်းပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ (NVS 004)

21 Feb

ADVERTISE HERE .