အမေရိကန်စစ်တပ်က အီရန်ကို အစောဆုံး ယခုသီတင်းပတ်ကုန်တွင် တိုက်ခိုက်ရန်အသင့်ဖြစ်နေပြီဟု အမေရိကန်မီဒီယာများဖော်ပြ
20 Feb
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းရှိ/မရှိနှင့် ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခြင်းမရှိသေးသော်လည်း အမေရိကန်စစ်တပ်အနေဖြင့် အီရန်ကို အစောဆုံး ယခုသီတင်းပတ်ကုန်တွင် တိုက်ခိုက်ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်မီဒီယာ၏ ဖေဖော်ဝါရီလ ၁၈ ရက် သတင်းဖော်ပြချက်အရ သိရသည်။ စစ်တပ်အနေဖြင့် အစောဆုံး ယခုလ ၂၁ ရက်တွင် အီရန်အပေါ် တိုက်ခိုက်မှုများပြုလုပ်ရန် အဆင်သင့် ဖြစ်နေပြီဟု အမေရိကန် အမျိုးသားလုံခြုံရေးအဆင့်မြင့်အရာရှိက ထရမ့် ထံ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ အိမ်ဖြူတော်သည် အန္တရာယ်အဆင့် မြင့်တက်ပြီးနောက် ဖြစ်ပေါ်လာမည့်နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အကျိုးဆက် များကို ချိန်ဆလျက်ရှိကြောင်း NBC နှင့် CNN သတင်းဌာနများက သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ အီရန်၏ လုပ်ဆောင်နိုင်ခြေရှိသော လှုပ်ရှားမှုများ သို့မဟုတ် တန်ပြန်တိုက်ခိုက်မှုများကို ကာကွယ်ရန် လာမည့် ၃ ရက်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် အရှေ့အလယ်ပိုင်းဒေသရှိ လူပုဂ္ဂိုလ်အချို့ကို ဥရောပ သို့မဟုတ် အမေရိကန်သို့ ယာယီပြောင်းရွှေ့ပေးသွားမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ အီရန်အပေါ် တိုက်ခိုက်မှုတွေပြုလုပ်ဖို့ အကြောင်းပြချက်နဲ့ဆွေးနွေးချက်တွေ အများကြီးကို တင်ပြနိုင်တယ်ဟု ပြောကြားခဲ့သော်လည်း သံတမန်နည်းလမ်းသည် အစဉ်အမြဲ ပထမဦးစားပေးဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ထိုနေ့အစောပိုင်းအချိန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထို့အပြင် အီရန်နှင့် အမေရိကန်အကြား သဘောတူညီချက်ရရှိခြင်းသည် အလွန်ဉာဏ်အမြော်အမြင်ရှိခြင်း ဖြစ်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန်အကြား သံတမန်ရေးစေ့စပ်ညှိနှိုင်းမှုများတွင် အောင်မြင်မှုရရှိသည့် မည်သည့် လက္ခဏာမျှမတွေ့ရကြောင်း၊ တစ်ချိန်တည်းမှာပင် အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုသည် အလွန်နီးကပ် လာပြီဖြစ်သော အထောက်အထားများမှာ ပို၍များလာကြောင်း၊ အကယ်၍ အမေရိကန်က အီရန်အပေါ် စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်ပါက သီတင်းပတ်အနည်းငယ်ကြာနိုင်ခြေရှိသော အကြီးစားလှုပ်ရှားမှုဖြစ်လာဖွယ် အလွန်ရှိကြောင်း၊ အမေရိကန်နှင့် အစ္စရေးတို့သည် ပူးတွဲလှုပ်ရှားမှုများ လုပ်ဆောင်နိုင်ခြေအလွန်ရှိပြီး ၎င်း၏ အတိုင်းအတာသည် လွန်ခဲ့သည့်နှစ် ဇွန်လက ဖြစ်ပွားခဲ့သော ‘၁၂ ရက်ကြာ စစ်ပွဲ’ ထက် များစွာပိုမိုကြီးမားမည် ဖြစ်ကြောင်း အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က ဖေဖော်ဝါရီလ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။ လက်ရှိတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသ၌ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်ခုကို ဖြန့်ကြက်ခဲ့ပြီး ဒုတိယမြောက်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကို ဖြန့်ကြက်လျက်ရှိသည်။ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် အခြားသော စစ်သင်္ဘောအမျိုးအစား တစ်ဒါဇင်ကျော်၊ ရာပေါင်းများစွာ ရှိသော တိုက်လေယာဉ်နှင့် လေကြောင်းကာကွယ်ရေးစနစ် အစုံလိုက်များစွာကိုလည်း ဖြန့်ကြက်ထားခဲ့ပြီး အရှေ့အလယ်ပိုင်းသို့ လက်နက်စက်ပစ္စည်းကိရိယာများနှင့် ခဲယမ်းမီးကျောက်များ သယ်ယူပို့ဆောင်ရန်အတွက် စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်အကြိမ်ရေ ၁၅၀ ကျော် အသုံးပြုခဲ့ကြောင်း သတင်းအရသိရသည်။ (Repost from Xinhua Myanmar)