“ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ (Private Cinema)များတွင် လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများကို ပြသခြင်းများပြုလုပ်ပါက အရေးယူမည်”
20 Feb
ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ (Private Cinema)များတွင် လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများကို ပြသခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီမှ အသိပေးထားကြောင်း သိရပါတယ်။ ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီအနေနဲ့ အချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် ပရိုဂျက်တာ/TV အသုံးပြု ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များကို ဟိုတယ်/တည်းခိုခန်းများကဲ့သို့ အခန်းကန့်ပြီးဖွင့်လှစ်လာ ခြင်းကြောင့် မလိုလားအပ်သော လူမှုရေးရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဒါကြောင့် ဗီဒီယိုပြသခွင့်လိုင်စင်များ ထုတ်ပေးမှုများရှိပါက ချက်ချင်းရုပ်သိမ်းသွားရန်နှင့် တရားမဝင်ပြသ နေမှုများအား ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားရန် တိုင်းဒေသကြီး/ပြည်နယ် ဗီဒီယို လုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီများသို့ အကြောင်းကြားထားရှိပါတယ်။ စစ်ဆေးမှုများအရ အချို့သော Private Cinema များသည် ဆင်ဆာမဲ့ ရုပ်ရှင်ဇာတ်ကားများကို အသုံးပြု၍ မလျော်ကန်စွာ တရားမဝင်ဆက်လက်ဖွင့်လှစ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရခြင်းကြောင့် အသိပေးကြေညာထားခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)