“ ၇ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆီဗီလာနည်းပြ အယ်မေးဒါး”
20 Feb
စပိန်ဘောလုံးအဖွဲ့ချုပ်က ဆီဗီလာအသင်းနည်းပြ အယ်မေးဒါး ကို ၇ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆီဗီလာအသင်းနည်းပြ အယ်မေးဒါး က အလာဗက်စ်အသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ အိမ်ကွင်းပွဲစဉ်မှာ အနီကတ်ပြအထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အယ်မေးဒါး ဟာ အလာဗက်စ်အသင်းနဲ့ပွဲစဉ်တွင် ပွဲပြီးကာနီးမှာ ကွင်းလယ်ဒိုင်နဲ့ အချင်းများခဲ့တာဖြစ်ပြီး အနီကတ်ပြအထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ နည်းပြ အယ်မေးဒါးရဲ့ ပွဲပယ်ပြစ်ဒဏ်တွေထဲမှာ ကွင်းလယ်ဒိုင်လူကြီးကို လေးစားမှုမရှိခြင်း အတွက် ၃ ပွဲ၊ ဒိုင်လူကြီးတွေကို ပြင်းထန်စွာစောဒကတက်ခြင်းအတွက် ၂ ပွဲ၊ အနီကတ်ပြအထုတ်ခံရပြီးနောက် ကွင်းအတွင်းကနေ ချက်ခြင်းမထွက်ခွာမှုအတွက် ၁ ပွဲနဲ့ စည်းကမ်းတွေကိုချိုးဖောက်တဲ့အတွက်အတွက် ၁ ပွဲ စုစုပေါင်း ၇ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်တယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကြေညာထားပါတယ်။ ဆီဗီလာအသင်းက နည်းပြ အယ်မေးဒါး အပေါ်ချမှတ်တဲ့ ပွဲပယ်ပြစ်ဒဏ်က ပြင်းထန်လွန်းပြီး အယူခံဝင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ (NVS 008)