“ဟာဘစ်ဘီယီ ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့တဲ့ မာဆေးလ်အသင်း”

20 Feb

ပြင်သစ်ကလပ် မာဆေးလ်အသင်းဟာ နည်းပြသစ်အဖြစ် ဆီနီဂေါလူမျိုး ဟာဘစ်ဘီယီ ကို ၁၈ လစာချုပ်နဲ့ ခန့်အပ်လိုက်တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်က အတည်ပြုလိုက်ပါတယ်။ အသက် ၄၈ နှစ်အရွယ် ဘီယီ ဟာ အခုလအစောပိုင်းမှာ အထုတ်ခံလိုက်ရတဲ့ အီတလီလူမျိုးနည်းပြ ဒီဇာဘီ ရဲ့နေရာကို အစားထိုးတာဝန်ယူရမှာ ဖြစ်ပါတယ်။ ဘီယီ ဟာ နောက်ဆုံးတာဝန်ယူမှုအဖြစ် ပြင်သစ်ကလပ် ရန်းနက်စ်အသင်းကို ၂၀၂၅ ဇန်နဝါရီလကနေ ၂၀၂၆ ဖေဖော်ဝါရီလအထိ တာဝန်ယူခဲ့ပြီး ပြင်သစ်လိဂ် ၃၆ ပွဲ တာဝန်ယူခဲ့ရာ ၁၆ ပွဲနိုင် ၇ ပွဲသရေ ၁၃ ပွဲရှုံး မှတ်တမ်းရရှိထားခဲ့ပါတယ်။ ဘီယီ ဟာ မာဆေးလ်အသင်းမှာ ကစားသမားအဖြစ် ကျင်လည်ခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ၅ နှစ်အတွင်း ပွဲပေါင်း ၁၆၀ ကျော် ပါဝင်ကစားခဲ့ပါတယ်။ ရန်းနက်စ်အသင်းမှာ ဂျက်ကွက်နဲ့ ဆစ်ဆေး တို့လို လူငယ်ကစားသမားတွေကို ပျိုးထောင်ပေးခဲ့တဲ့ ဘီယီ အနေနဲ့ မာဆေးလ်အသင်းမှာ လူငယ် ကစားသမားတွေကို အကောင်းဆုံးပျိုးထောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မာဆေးလ်အသင်း ကြေညာချက် မှာ ရေးထားပါတယ်။ မာဆေးလ်အသင်းဟာ အခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရသလို ပြည်တွင်းလိဂ်မှာ ရလဒ်မတည်ငြိမ်မှု တွေကြောင့် နည်းပြ ဒီဇာဘီ ကို အခုလအစောပိုင်းမှာ ထုတ်ပယ်ထားတာဖြစ်ပါတယ်။ (NVS 008)

20 Feb

ADVERTISE HERE .