“အီရန်အနေဖြင့် သဘောတူညီချက်ရယူခြင်းသည် ပညာရှိရာရောက်မည်ဟု ဒေါ်နယ်ထရမ့်ပြော”

20 Feb

အီရန်နိုင်ငံ အနေဖြင့် သဘောတူညီချက်တစ်ရပ်ရယူခြင်းက ပညာရှိရာရောက်မည်ဖြစ်ကြောင်းနှင့် ထိုသို့ မဟုတ်ပါက စစ်ရေးအရအရေးယူခံရမည်ကို သိသင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ထပ်မံသတိပေး လိုက်သည်။ ဇန်နဝါရီလအတွင်း ဆန္ဒပြသူများကို အီရန်က အပြင်းအထန်နှိမ်နင်းခဲ့မှုအပေါ် ထရမ့်က စစ်ရေးအရ အရေးယူသွားမည်ဟု အကြိမ်ကြိမ်ခြိမ်းခြောက်ပြီးနောက် အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် နှစ်နိုင်ငံကြား သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးမှုများ ပြန်လည်စတင်နေခြင်းဖြစ်သည်။ ယခင်ဆွေးနွေးရန် ကြိုးပမ်းမှုများသည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း အစ္စရေးက အီရန်အပေါ် ရုတ်တရက် တိုက်ခိုက်ခဲ့မှုကြောင့် ပျက်ပြားခဲ့ရပြီး ၁၂ ရက်ကြာဖြစ်ပွားသော ထိုစစ်ပွဲတွင် အမေရိကန်က အီရန်နျူကလီးယား စခန်းများကို ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် အမေရိကန်တပ်များက အင်အားဖြည့် တင်းမှုများ ပြုလုပ်နေစဉ်အတွင်း အီရန်ကို တိုက်ခိုက်နိုင်ခြေရှိကြောင်း ထရမ့် က ဖေဖော်ဝါရီလ ၁၈ ရက်တွင် လူမှုကွန်ရက်၌ ရေးထားသည်။ အမေရိကန်တပ်များသည် ယခုသီတင်းပတ်အကုန်တွင် အီရန်ကို စတင်တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သော်လည်း ထရမ့် က ဆုံးဖြတ်ချက်မချရသေးကြောင်း သတင်းဌာနများက ဖော်ပြထားသည်ဟု ST သတင်းဌာနမှ သိရသည်။

20 Feb

ADVERTISE HERE .