“တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်”

20 Feb

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယို ကို အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာမှုမှ ဖြစ်ပွားခဲ့သည့် အမှုကိစ္စရပ်အတွက် ပုန်ကန်မှုစွဲချက်များဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုများအရသိရသည်။ ဆိုးလ်ဗဟိုတရားရုံးက စီရင်ချက်ချမှတ်ရာတွင် ယွန်းဆက်ယို ၏ စစ်အုပ်ချုပ်ရေးအမှု၌ လွှတ်တော်သို့ စစ်သည်များစေလွှတ်သည့်အချက်မှာ အဓိကဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စစ်အုပ်ချုပ်ရေးကြေညာမှုသည် အမျိုးသားလွှတ်တော်၏ လုပ်ပိုင်ခွင့်ကို ထိပါးနှောင့်ယှက်ပါက ပုန်ကန်မှု မြောက်ကြောင်းနှင့် ယွန်းဆက်ယို သည် လွှတ်တော်၏လုပ်ငန်းများကို အချိန်အတော်ကြာကောင်းမွန်စွာ မလည်ပတ် နိုင်စေရန် ကြိုးပမ်းခဲ့သည်ဟု တရားရုံး၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံ၏ဥပဒေအရ ပုန်ကန်မှုခေါင်းဆောင်အဖြစ် ပြစ်မှုထင်ရှားပါက သေဒဏ် သို့မဟုတ် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်။ ယခုအမှုတွင် လွတ်လပ်သောအကြံပေးအဖွဲ့က ယွန်းဆက်ယို ကို သေဒဏ်ချမှတ်ရန် တောင်းဆိုခဲ့သော်လည်း တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်းဖြစ်သည်။ ယွန်းဆက်ယို သည် ပုန်ကန်မှုဖြင့် တရားရင်ဆိုင်ရသည့် တတိယမြောက်သမ္မတဟောင်းဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန ဖော်ပြချက်အရ သိရသည်။

20 Feb

ADVERTISE HERE .