“ငွေသားအသုံးပြု၍ ငွေပေးချေမှုစနစ်မှ ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless System သို့ တက်လှမ်းလျက်ရှိ”
20 Feb
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုနဲ့ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများအနေနဲ့ ငွေသားအသုံးပြု၍ ငွေပေးချေမှုစနစ်မှ ငွေသားမဲ့ ငွေပေးချေမှုစနစ် Cashless System သို့ တက်လှမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါငွေသားမဲ့ငွေပေးချေမှုစနစ် Cashless System က ငွေသားအသုံးပြုမှုနည်းပါးပြီး Banking စနစ်ကို အခြေခံသော Mobile Banking Payment/ Digital စနစ်ကိုအခြေခံသော Digital Payment များကို လူအများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ ပြောင်းလဲမှုတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုသုံးစွဲခြင်းကြောင့် ငွေကြေးစီးဆင်းမှုမြန်ဆန်လာခြင်း၊ ငွေကြေးလွှဲပြောင်းမှုများမှာ ပွင့်လင်းမြင်သာမှု ရှိလာခြင်း၊ အငယ်စား၊ အသေးစား၊ အလတ်စားလုပ်ငန်း(MSMEs)များ တရားဝင်ဘဏ္ဍာရေးစနစ် (Formal Economy) အတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း၊ ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီတဲ့ ကျေးလက်နေပြည်သူများအထိ ဘဏ္ဍာရေးအခွင့်အလမ်းများကို သုံးစွဲလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless Society ဆောင်ရွက်ရာမှာ စနစ်ကျမှု၊ အကျိုးအများဆုံး ရရှိစေရေးအတွက် နိုင်ငံတကာမှာ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၏ (Unified Payment Interface - UPI) စနစ်မှတစ်ဆင့် လမ်းဘေးဈေးသည်အထိ QR ဖြင့် အချိန်နှင့်တစ်ပြေးညီ ငွေပေးချေနိုင်တဲ့ ခိုင်မာသော Infrastructure ကို တည်ဆောက်ခဲ့မှုများ၊ ထိုင်းနိုင်ငံ၏ PromptPay နှင့် National QR စနစ်မှတစ်ဆင့် နိုင်ငံဖြတ်ကျော်ငွေပေးချေမှု (Cross-border QR Linkage)အထိ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုများ၊ စင်္ကာပူနိုင်ငံ၏ Regulatory Sandbox နှင့် Cloud Governance မူဝါဒများမှတစ်ဆင့် ဆန်းသစ်တီထွင်မှု (Innovation)နှင့် စည်းမျဉ်း စည်းကမ်း(Regulation)ကြား မျှတအောင် ညှိနှိုင်းနိုင်ခဲ့မှုများကို စနစ်တကျလေ့လာ၍ အားသာချက်များကို ထုတ်နှုတ် ဆောင်ရွက်ခဲ့ခြင်းနဲ့ အကောင်းဆုံးများကို စုစည်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဗဟိုဘဏ်အနေနဲ့ Innovation ကို အားပေးသကဲ့သို့ Financial Stability နှင့် Consumer Protection ကို ခိုင်မာစွာထိန်းသိမ်းသွားမည့် အစီအမံများ ထည့်သွင်းသွားမှာဖြစ်ကြောင်းကို ဗဟိုဘဏ်က အသိပေးထားသလို ပြည်သူများအနေနဲ့ ငွေသားအခြေပြုငွေပေးချေမှုများ Cashless Payment များလျော့ချပြီး Digital Payment များကို တိုးချဲ့အသုံးပြုခြင်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)