“ရွှေတိဂုံစေတီတော်မှာ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ၁၀ ရက်ကြာ ကျင်းပရန်စီစဉ်”

20 Feb

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ၂၆၁၄ ခုနှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ၁၀ ရက်ကြာ ကျင်းပရန် စီစဉ်နေကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ အဆိုပါတပေါင်းပွဲတော်ကို လာမည့်ဖေဖော်ဝါရီလ ၂၁ ရက်မှ မတ်လ ၂ ရက်အထိ (၁၃၈၇ခုနှစ်၊ တပေါင်း လဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ) ၁၀ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်ကာလ ၁၀ ရက်အတွင်း ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာဟုဆိုအပ်သော ပူဇော်ခြင်းအမျိုးမျိုးတို့နဲ့ ကျင်းပပူဇော်သွားမည် ဖြစ်ကြောင်း၊ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲကိုလည်း လာမည့်ဖေဖော်ဝါရီလ ၂၁ ရက်မှာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါနေ့တွင် နံနက် ၉ နာရီမှ မတ်လ ၂ ရက် တပေါင်းလပြည့်နေ့ နံနက် ၉ နာရီအထိ သံဃာတော် ၁၂၀ ပါးတို့က နာရီပေါင်း ၂၁၆ နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြမည် ဖြစ်ကြောင်းလည်း သိရပါတယ်။ မတ်လ ၁ ရက်(အဖိတ်နေ့) ညနေ ၄ နာရီမှာ ဘုရားအမှူးပြုသော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာ ၁၂၁ ပါး၊ သီလရှင် ၂၇ ပါး၊ စုစုပေါင်း ၁၄၈ ပါးတို့ကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစ၍ ရင်ပြင်တော်လက်ယာရစ် တစ်ပတ်ဆွမ်းဆန်တော် လောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့ဖြစ်တဲ့ မတ်လ ၂ ရက် နံနက် ၅ နာရီတွင် ရင်ပြင်တော်အောင်မြေ၌ ဆွမ်းတော် ကြီးဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၉ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ (အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနား ကျင်းပခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

20 Feb

ADVERTISE HERE .