“မုံရွာမြို့ကန်သာယာ ညစျေး (Night Market) ဖွင့်လှစ်မည်”
20 Feb
စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့၌ အပန်းဖြေလိုသူများ၊ ညဘက်စျေးဝယ်လိုသူများအတွက် ကန်သာယာညစျေး (Night Market)ကို အရှေ့ဘက်ကန်သာယာ တောင်ဘက်ကွင်းမှာ ၁၂ ပေပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း ၁၁၀ ခန်း တည်ဆောက်ပြီး ဖွင့်လှစ်ပေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အရှေ့ဘက်ကန်သာယာရဲ့ တောင်ဘက်ကွင်း၌ စျေးဆိုင်ပေါင်း ၁၁၀ ကို ညစျေးအဖြစ် ခင်းကျင်းရောင်းချ ပေးမှာဖြစ်တဲ့အပြင် ဖျော်ဖြေရေးအစီအစဥ်များပါ ဆောင်ရွက်ပေးမည်ဖြစ်၍ နေ့ပိုင်းမအားလပ်သူများ၊ ဝန်ထမ်းများ၊ ညပိုင်းအပန်းဖြေလိုသူများအတွက် တေးသံသာများနှင့်အတူ ကန်သာယာ ၏ ညရှုခင်းကိုခံစားရင်း လိုအပ်တဲ့ စားသောက်ကုန်များကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၊ သာစည်စျေး၊ ဗန္ဓုလစျေး၊ အောင်ချမ်းသာစျေးစတဲ့ စျေးများမှာ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များ၊ အဝတ်အထည်များကို နေ့ဘက်မှာသာ ဖွင့်ပေးသဖြင့် နေ့ပိုင်းတွင် အလုပ်လုပ်နေသူများ၊ ဝန်ထမ်းများ၊ နေ့ပိုင်းမအားလပ်သူများအတွက် စျေးဝယ်ယူရန် အခက်အခဲဖြစ်လျက်ရှိပါတယ်။ ဒါ့အပြင် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းရှိ မော်တော်ယာဥ်ရောင်းဝယ်ယူရေးစင်တာကိုလည်း မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာမော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာတွင် ပင်မအဆောက်အဦး ၄ ခုပါရှိပြီး ဆိုင်ခန်း ပေါင်း ၄၁ ခန်းပါရှိပါတယ်။ စင်တာတွင်မော်တော်ကားပစ္စည်းနှင့် ကားအလှဆင်ပစ္စည်းအရောင်းဆိုင် ၁၀ ဆိုင်၊ မော်တော်ယာဥ်ပြုပြင်ရေးလုပ်ငန်း ၈ ခု၊ ကားရေဆေးဆီလိုက်လုပ်ငန်း ၁ ခု၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် ၈ ဆိုင်၊ စားသောက်ဆိုင် ၉ ဆိုင်၊ ဆံသနှင့်အလှပြင်ဆိုင် ၁ ဆိုင်တို့ကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ (NVS 004)