လေယာဉ်တင်သင်္ဘောထက် ပို၍အန္တရာယ်များသည်မှာ ၎င်းကိုနစ်မြုပ်အောင် ပစ်ခတ်နိုင်သောလက်နက် ဖြစ်သည်ဟု ခါမေနီ က ထရမ့် အားသတိပေး
19 Feb
အမေရိကန်နိုင်ငံသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ အစိုးရကို ဖြုတ်ချနိုင်မည်မဟုတ်ဟု အီရန်ထိပ်တန်း ခေါင်းဆောင် ခါမေနီ က ဖေဖော်ဝါရီလ ၁၇ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား ပြောကြားခဲ့ကြောင်း အီရန်အစိုးရသတင်းဌာန (IRNA) ၏ သတင်းဖော်ပြချက်အရ သိရသည်။ အမေရိကန်သည် ၄၇ နှစ်တာ ကာလတစ်လျှောက်လုံး အီရန်အစိုးရကိုဖြုတ်ချရန် မအောင်မြင်ခဲ့ခြင်းအပေါ် ထရမ့် က လတ်တလောတွင် ညည်းညူပြောဆိုခဲ့ကြောင်း၊ ယင်းမှာ ညည်းညူခြင်းဖြစ်သလို လက်တွေ့အခြေအနေကို အသိအမှတ်ပြုခြင်းလည်းဖြစ်ကြောင်း ခါမေနီ က အရှေ့အဇာဘိုင်ဂျန်ပြည်နယ်ရှိ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ၎င်းက ထရမ့် အား ခင်ဗျားလည်း ဒါကိုလုပ်နိုင်မှာမဟုတ်ဘူး ဟု ပြောကြား ခဲ့သည်။ ထရမ့် က အမေရိကန်သည် ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်ကိုပိုင်ဆိုင်ထားကြောင်း အကြိမ်ကြိမ်ဆိုခဲ့ သော်လည်း ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်ဟာ တစ်ခါတစ်ရံမှာ ပြင်းပြင်းထန်ထန်တိုက်ခိုက်တာခံရပြီး ပြန်လည် နာလန်မထူနိုင်လောက်အောင် ဖြစ်တတ်တယ် ဟု ခါမေနီက ပြောကြားခဲ့သည်။ အီရန် အနီးဝန်းကျင်သို့ လေယာဉ်တင်သင်္ဘောများ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘက်က အဆက်မပြတ် ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ လေယာဉ်တင်သင်္ဘောက အန္တရာယ်များတဲ့ ပစ္စည်းဖြစ်တယ်ဆိုတာ ဟုတ်ပေမဲ့ လေယာဉ်တင်သင်္ဘောထက် ပိုအန္တရာယ်များတာက သူ့ကို ပင်လယ်ကြမ်းပြင်ဆီ ပို့ပေးနိုင်တဲ့ လက်နက်ဖြစ်တယ် ဟု ၎င်းက ထောက်ပြခဲ့သည်။ (Repost from Xinhua Myanmar)