“ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ကိုးသိန်းကျော်လာရောက်”
19 Feb
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်အထိ လေးလကျော်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ကိုးသိန်းကျော် လာရောက်ခဲ့ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ လာရောက်ဖူးမြော်ခဲ့ကြသော ဘုရားဖူးပြည်သူများအနေနဲ့ ပြည်တွင်းဘုရားဖူးများတွင် ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့မှ အများဆုံးဖြစ်ပြီး တခြားသောအနယ်နယ်အရပ်ရပ်မှလည်း အများအပြားလာရောက်ဖူးမြော်ခဲ့ကြ ပါတယ်။ ပြည်ပဘုရားဖူးဧည့်သည်များအနက် ထိုင်းနိုင်ငံမှ အများဆုံးလာရောက်ခဲ့ကြကြောင်း သိရပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးတွင် ဘုရားဖူးလာရောက်သူများအနေဖြင့် တောင်တက်ကားများဖြင့် ဖြစ်စေ၊ ခြေကျင်ဖြစ်စေ တက်ရောက်နိုင်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ဂရုတစိုက်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လက်ရှိမှာ စေတီတော်သို့ လာရောက်ကြသော ဘုရားဖူးဧည့်သည်များ အခမဲ့တည်းခိုနိုင်စေရန် ရင်ပြင်တော် ပေါ်နှင့် အနီးဝန်းကျင်ရှိ ဓမ္မာရုံများ၌ နေရာများစီစဉ်ပေးထားသည့်အပြင် အခပေးတည်းခိုနိုင်သော ဟိုတယ်များနှင့် တည်းခိုခန်းများကိုလည်း ဖွင့်လှစ်ထားရှိပါတယ်။ ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် တောင်တက်ကားအစီးရေ ၁၅၂ စီးကို ကြံ့ခိုင်ရေးပိုင်းများ အမြဲမပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိသလို လိုအပ်လာပါက ခရီးသွားပြည်သူများ ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးနိုင်စေရန် ဘုရားရင်ပြင်တော်ပေါ်၌ ကျန်းမာရေးဆေးခန်းတစ်ခုလည်း ဖွင့်လှစ်ထားရှိကြောင်း သိရပါတယ်။ (NVS-004)