“သုခဒဂုံအိမ်ရာ လျှောက်ထားသူများကို မဲနှိုက်ငှားရမ်းပေးသွားမည်”
19 Feb
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ သုဒဂုံအိမ်ရာ လျှောက်ထားသူများကို မကြာမီ မဲနှိုက်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)က ဖေဖော်ဝါရီလ ၂၈ ရက်ကအသိပေးထုတ်ပြန်ပါတယ်။ မဲနှိုက်ခွင့်ရရှိသူ ပြည်သူများကို ဌာနမှ ဖုန်းဖြင့်ဆက်သွယ် ပေးသွားမည်ဖြစ်ပြီး သုခဒဂုံပြည်သူ့အငှားအိမ်ရာ၌ ထပ်မံပြီးစီးတဲ့ အဆောက်အဦ ၅ လုံးမှာ နေထိုင်ခွင့်ရရှိရေး လျှောက်ထားသူများကို မဲနှိုက်ငှားရမ်းပေးမည်ဟု ဖော်ပြထားပါတယ်။ အဆိုပါတိုက် ၅ လုံးအနက် ၄ လုံးကို ဝန်ထမ်းများအတွက် လျာထားပြီး သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို နေရေး အခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများကို သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုနေခြင်းလည်းဖြစ်ပါတယ်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာက နေရေးအခက်အခဲရှိသူများကို ၅ နှစ် ငှားရမ်းနေထိုင်ခွင့်ပြုထားခြင်းဖြစ်ပြီး၊ အခန်းနေထိုင်ခွင့်ရမည်ဟု မက်လုံးပေးငွေတောင်းခံလိမ်လည်သူများရှိနေသဖြင့် သတိပြုကြရန်နှင့် နေထိုင်ခွင့်ရရှိသူ အချို့အနေနဲ့ ကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ တစ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းများရှိပါက အိမ်ခန်းငှားရမ်းခွင့်ကို ရုပ်သိမ်းပြီး ဥပဒေနှင့်အညီအရေးယူသွားမည်ဟု အိမ်ရာစည်းကမ်းထိန်းသိမ်းရေးကော်မတီက နှိုးဆော်ထားပါတယ်။ (NVS 004)