“နောင်ချိုမြို့မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲ ၃၅ ခု ပြန်လည်ဖွင့်လှစ်”
19 Feb
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနနှင့် ဌာနခွဲ ၃၅ ခု ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၃၅ ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းမှာလည်း ၂၀၂၄ ခုနှစ် ဇွန်လကုန်မှစ၍ လုပ်ငန်း(ယာယီ) ရပ်ဆိုင်းထားသော နောင်ချိုမြို့နယ်၊ တောင်ရှည်တိုက်နယ်ဆေးရုံကို ပြန်လည်ဖွင့်လှစ်ကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ တောင်ရှည်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်သည့်အတွက် တောင်ရှည်၊ မဲပုတ် ၊ ရေတွင်းကြီး၊ ရွှေမုဋ္ဌော၊ နောင်တော၊ အင်းဖိုကျေးရွာအုပ်စုများရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၃၀,၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုများ လွှမ်းခြုံဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံကိုလည်း ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂ ရက်မှာလည်းကောင်း၊ နောင်ချိုမြို့နယ် သုံးဆယ်တိုက်နယ်ဆေးရုံကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာလည်းကောင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ လက်ရှိတွင် နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းအား ပြန်လည်အားဖြည့်ဆောင်ရွက်ရန်အတွက် အမီလိုက် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ အသက် ၁၅ နှစ်အောက်ကလေးများအား အထူးအစီအစဉ် (Special Immunization Activities)ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်အထိ အသက် ၁၅ နှစ်အောက်ကလေး ၃၄,၂၇၀ ဦးကို လိုအပ်သောကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 004)