“ဘင်ဖီကာအသင်းနဲ့ပွဲစဉ်မှာ လူမျိုးရေးခွဲခြားခြင်းခံခဲ့ရတဲ့ ဗင်နီစီယပ်စ်”
18 Feb
ရီးရဲလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဟာ ဘင်ဖီကာအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။ ချန်ပီယံလိဂ် Play-offs ပထမအကျော့အဖြစ် ပေါ်တူဂီမြေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဒီပွဲမှာ ရီးရဲလ်အသင်းက ဗင်နီစီယပ်စ် မိနစ် ၅၀ မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဗင်နီစီယပ်စ် က ဂိုးသွင်းအပြီး အောင်ပွဲခံချိန်မှာ ပြိုင်ဘက်အသင်းက အာဂျင်တီးနားကစားသမား ပရက်စ်တီယန်နီ က လူမျိုးရေးခွဲခြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပရက်စ်တီယန်နီ က သူ့နှုတ်ခမ်းကို အင်္ကျီနဲ့ကွယ်ကာ ပြောဆိုခဲ့တာဖြစ်ပြီး ဗင်နီစီယပ်စ် က ဒိုင်လူကြီးကို လူမျိုးရေးခွဲခြားခံရကြောင်း တိုင်ကြားခဲ့တဲ့အပြင် ကွင်းထဲမှ ထွက်ခွာသွားခဲ့ပြီး ရီးရဲလ်အသင်း ကစားသမားတွေ လိုက်ပါသွားခဲ့တာကြောင့် ပွဲကို ၁၀ မိနစ်လောက် ရပ်နားပြီးမှ ပြန်ကစားနိုင်ခဲ့ပါတယ်။ နှစ်ဖက်ကစားသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ဗင်နီစီယပ်စ် နဲ့ အချေအတင်ပြောကြားခဲ့တဲ့ မော်ရင်ဟို လည်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယအကျော့မှာ ကြီးကြပ်ခွင့်ရတော့မှာမဟုတ်ကြောင်း သိရပါတယ်။ (NVS 008)