“အမေရိကန်က နောက်ဆုံးပေါ် ဒုံးကျည်စနစ်အသစ်များကို ဖိလစ်ပိုင်၌ ဖြန့်ကြက်မည်”
18 Feb
အမေရိကန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မှုအဖြစ် အမေရိကန်က နောက်ဆုံးပေါ်ဒုံးကျည်စနစ်အသစ်များကို ဖိလစ်ပိုင်နိုင်ငံ၌ ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း သိရ သည်။ နှစ်နိုင်ငံစလုံးသည် အမေရိကန်နိုင်ငံ၏ နောက်ဆုံးပေါ်ဒုံးကျည်နှင့် မောင်းသူမဲ့စနစ်များကို ဖိလစ်ပိုင်နိုင်ငံ၌ ဆက်လက်တိုးမြှင့်ချထားရန် ကတိပြုထားသည်ဟု ဖေဖော်ဝါရီလ ၁၇ ရက်တွင်ထုတ်ပြန်သော ပူးတွဲထုတ်ပြန်ချက် တစ်ခု၌ ဖော်ပြထားသည်။ အမေရိကန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏ Typhon ဒုံးကျည်စနစ်ကို ဖိလစ်ပိုင် နိုင်ငံ၌ ဖြန့်ကြက်ချထားပြီးဖြစ်သည်။ ထိုစနစ်သည် တိုမာဟော့အနိမ့်ပျံဒုံးကျည်များအပါအဝင် အမျိုးမျိုးသောဒုံးကျည်များကို ပစ်လွှတ်နိုင်စွမ်း ရှိသည်။ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံချစ်ကြည်ရေး စစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန်က NMESIS သင်္ဘော ဖျက်ဒုံးကျည်စနစ်ကို ဖိလစ်ပိုင်နိုင်ငံသို့ဖြန့်ကြက်ပေးထားသည်။ တောင်တရုတ်ပင်လယ်အတွင်း ပထဝီနိုင်ငံရေး တင်းမာမှုများဖြစ်ပေါ်နေစဉ် အမေရိကန်က ဖိလစ်ပိုင်နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများစွာကို တိုးမြှင့်ဖြန့်ကြက် လာနေခြင်း ဖြစ်သည်။ အမေရိကန်၏ ယင်းကဲ့သို့စစ်လက်နက်ပစ္စည်းများ တိုးမြှင့်ဖြန့်ကြက်မှုကို တရုတ်နိုင်ငံက ဆန့်ကျင်ကန့်ကွက်ထားပြီး အမေရိကန်၏လုပ်ရပ်က ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည်ဟု ပြောထားသည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။