“မုံရွာမြို့ရှိ သက်တမ်း ၈၇ နှစ်ရှိပြီဖြစ်တဲ့ ကြေးခေါင်းလောင်းကြီးနှင့်ခေါင်းလောင်းစင် ပြန်လည်ပြုပြင်မွမ်းမံ”
18 Feb
မုံရွာမြို့၏ မြို့သမိုင်းဝင်ဘုရားစာရင်းမှာ ပါဝင်သော အလယ်ရပ်၊ ဘုရားလှစေတီဘုရားဝင်းအတွင်းရှိ သက်တမ်း ၈၇ နှစ်ရှိပြီဖြစ်တဲ့ ကြေးခေါင်းလောင်းကြီးနှင့်ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်လျက်ရှိပါတယ်။ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်က ဘုရားလှစေတီတော်ကြီး၏ တနင်္ဂနွေထောင့် အရှေ့မြောက် ထောင့်မှာ တည်ရှိပြီး ပြီးခဲ့တဲ့ ၇ ရက်ခန့်ကစပြီး ခေါင်းလောင်းစင်အဆောက်အဦးကို အလှူရှင်တစ်ဦးက ပြန်လည် ပြုပြင်နေကာ ကြေးခေါင်းလောင်းကြီးကိုလည်း ရောင်တော်ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ခေါင်းလောင်းကို သက္ကရာဇ် ၁၃၀၀ ခု တပို့တွဲလဆုတ် ၁ ရက် ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် စနေနေ့ ၊ မုံရွာမြို့ မြို့မင်းကြီး ဦးဘိုးအို K.I.H.A.T.M. + ဒေါ်တုပ်တို့က လှူဒါန်းခဲ့ပြီး ပိဿာချိန် ၁၈၉ ပိဿာ ၈၇ ကျပ်သားခွဲရှိကာ ဘေးမဲ့ ချမ်းသာမဟာရာမ်ဆီးဘုရားကြီးအားလှူဒါန်းပါကြောင်းခေါင်းလောင်းစာအဖြစ်ရေးထိုးကမ္ဗည်းထိုးထားပါတယ်။ ခေါင်းလောင်းကြီးကို ကြေးမုံရွာမှ ကြေးသွန်းဆရာကြီး ဦးထွန်းမြ က လက်ရာမြောက် သွန်းလောင်းပုံဖော် ထားပြီး ခေါင်းလောင်းပတ်လည်နှင့်အတွင်းမျက်နှာများမှာ နံရံပန်းချီကဲ့သို့ ရုပ်ပုံများနှင့်အတူ အင်းကွက်အများအပြား ရေးထိုးထားပါတယ်။ (NVS 004)