“အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ ၂၂ ရုံအနက် ၁၉ ရုံကို စမ်းသပ်လည်ပတ်”
18 Feb
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ ၂၂ ရုံအနက် ၁၉ ရုံကို စမ်းသပ်လည်ပတ်ခဲ့ပါတယ်။ ဒါ့အပြင် ကျန်ရှိတဲ့ အလုပ်ရုံ ၃ ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်တဲ့ အလုပ်ရုံ (၃)ကို မကြာမီစမ်းသပ်လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်တဲ့ Romelt နည်းပညာ အသုံးပြုသံရည်ကျိုအလုပ်ရုံမှာ တပ်ဆင်ထားသော စက်ပစ္စည်းများကို ကျွမ်းကျင်ပညာရှင်များက စစ်ဆေးပြီး တဲ့အပြင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကို စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်။ အခုလိုဆောင်ရွက်နေမှုများကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ ဖေဖော်ဝါရီလ ၁၆ ရက်က စက်ရုံသို့သွားရောက်ပြီး အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်တဲ့ အလုပ်ရုံမှာ စက်များစမ်းသပ်လည်ပတ်မောင်းနှင်နေများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် စက်များကိုစစ်ဆေးခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများပြုလုပ်ခဲ့ကြတဲ့ AGS Co., Ltd. မှ ကျွမ်းကျင်ပညာရှင်များနှင့်တွေ့ဆုံ၍ အောက်ဆီဂျင်နှင့်နိုက်ထရိုဂျင်ဓာတ်ငွေ့ ထုတ်လုပ်တဲ့အလုပ်ရုံကို ဘေးအန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ရေး၊ ကိုင်တွယ်မောင်းနှင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ (NVS 004)