“ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း ၂ ရာခိုင်နှုန်းကျော်တိုးလာ”
18 Feb
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်ထိ ၅နှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနရုံးဝန်ကြီးဌာနလက်အောက် ရှိ ဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံချိန် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ၃၁ ဒသမ ၇၅ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ် မှာ ၃၃ ဒသမ ၈၅ ရာခိုင်နှုန်းရှိသည့်အတွက် ၂ ဒသမ ၁၀ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရှိရကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန် လာစေပြီး သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းဖြစ်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်နေခြင်းဖြစ်ပြီး ကြိုးဝိုင်း၊ ကြိုးပြင်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ ကျားနှင့်အခြားရှားပါးတိရစ္ဆာန်မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံအဆင့် ကျားထိန်းသိမ်းရေးလုပ်ငန်းစီမံချက်များ ရေးဆွဲ၍ ကျားထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့ပါတယ်။ ဟုမ္မလင်းခရိုင်အတွင်း ဝါးနှင့်ကြိမ်အချောထည်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် ပုဂ္ဂလိကနှင့် ဌာနပေါင်းစပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် သစ်တော နယ်မြေအတွင်း တရားမဝင်သစ်နှင့် သတ္တုများ ထုတ်ယူသယ်ဆောင်မှု မရှိစေရေးအတွက်လည်း သက်ဆိုင်ရာဌာန များက ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ (NVS 004)