ပြည်ပစစ်ဆင်ရေးများ၌ကျဆုံးခဲ့သော စစ်သည်များ၏ မိသားစုများအတွက် အိမ်ရာသစ် ကင်ဂျုံအန် တက်ရောက်ဖွင့်လှစ်
17 Feb
ပင်လယ်ရပ်ခြားစစ်ဆင်ရေးများ၌ ကျဆုံးခဲ့သည့်စစ်သည်များ၏ မိသားစုများအတွက် အိမ်ရာသစ် တည်ဆောက်မှုလုပ်ငန်း ပြီးဆုံးခြင်းအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားသည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါ အိမ်ရာသစ်တည်ဆောက်မှုလုပ်ငန်း ပြီးဆုံးခြင်းအခမ်းအနားကို ပြုံယမ်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်းအိမ်ရာသစ်သည် ပင်လယ်ရပ်ခြားစစ်ဆင်ရေးများ၌ ကျဆုံးခဲ့သောတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများကို ကိုယ်စားပြု ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က အခမ်းအနားမိန့်ခွန်း၌ ထုတ်ဖော်ပြောကြားခဲ့သည်။ ပင်လယ်ရပ်ခြားစစ်ဆင်ရေးများ၌ ကျဆုံးခဲ့သော စစ်သည်များ၏ မိသားစုဝင်များအတွက် အိမ်ရာသစ်ဖွင့်ပွဲ အခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင်နှင့်အတူ ၎င်း၏သမီး ဂျူအေး လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံနှင့် ရယူထားသည့် အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်အရ မြောက်ကိုရီးယားနိုင်ငံသည် ယူကရိန်းစစ်မြေပြင်၌ ရုရှားတပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရေးအတွက် ၂၀၂၄ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် ၁၄,၀၀၀ ထိ ရုရုားသို့စေလွှတ်ခဲ့သည်။ ယူကရိန်းနှင့် အနောက်အုပ်စုနိုင်ငံများ၏အဆိုအရ ယူကရိန်းစစ်မြေပြင်၌ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။