အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဘီအင်န်ပီပါတီခေါင်းဆောင်နှင့် ဖုန်းခေါ်ဆိုဆွေးနွေး
15 Febအိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ သည် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (ဘီအင်န်ပီ)ပါတီခေါင်းဆောင် တာရစ်ရာမင် နှင့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြ ထားသည်။ ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲ၌ ဘီအင်န်ပီပါတီ အနိုင်ရရှိခဲ့ပြီး နာရီပိုင်းအကြာမှာပင် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ဘီအင်န်ပီပါတီခေါင်းဆောင် တာရစ်ရာမင် နှင့် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပခဲ့သည့် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ၌ တာရစ်ရာမင် ၏ ဘီအင်န်ပီပါတီနှင့် မဟာမိတ်များက လွှတ်တော်အမတ်နေရာ ၃၀၀ အနက် ၂၁၂ နေရာထိ ရရှိခဲ့သည်။ ဘီအင်န်ပီပါတီသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ်အထွေထွေရွေးကောက်ပွဲ၌ ရလဒ်အပြတ်အသတ်ဖြင့် ပြန်လည်အနိုင်ရ ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟောင်း ရှိတ်ခ်ဟာဆီနာ အိန္ဒိယသို့ထွက်ပြေးခိုလှုံခဲ့ပြီးနောက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကြား ဆက်ဆံရေး တင်းမာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ သည် အိန္ဒိယအစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။