ရုရှား၊ ယူကရိန်း၊ အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဂျီနီဗာမြို့သို့ရွှေ့ပြောင်းကျင်းပမည်
15 Feb
ယူကရိန်းပဋိပက္ခ ပြီးဆုံးရေးအတွက် ရုရှား၊ ယူကရိန်း၊ အမေရိကန်နိုင်ငံတို့၏ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့သို့ ရွှေ့ပြောင်းကျင်းပမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက် သတင်းများတွင် ရေးသား တင်ပြထားကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ရုရှား၊ ယူကရိန်း၊ အမေရိကန်နိုင်ငံတို့၏ ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲများကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီလ ၁၇ ရက်၊ ၁၈ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ် က ပြောကြားထားသည်။ အဆိုပါ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်မည့် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ရုရှားအစိုးရအကြံပေး ဗလာဒီမာ မီဒင်စကီး က ဦးဆောင်မည်ဖြစ်ကြောင်း ဒီမီထရီပက်စကော့ဗ် ၏ အဆိုအရသိရသည်။ ရုရှားနှင့် ယူကရိန်းအဆင့်မြင့် ကိုယ်စားလှယ်များသည် ယခုလအစောပိုင်းတွင် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နှစ်ကျော့ကျင်းပထားပြီးဖြစ်သည်။ အဘူဒါဘီ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူမှာ ရုရှားစစ်ထောက်လှမ်း ရေးအဖွဲ့ အကြီးအကဲ အိုင်ဂေါ်လ်ကိုစတုကော့ဗ် က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ရုရှား၊ ယူကရိန်း၊ အမေရိကန်နိုင်ငံတို့ကြား သုံးပွင့်ဆိုင်ဆွေးနွေးပွဲများကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပမည့်အစီအစဉ်ကို ယူကရိန်းတာဝန်ရှိသူများကလည်း အတည်ပြုထားကြောင်း သိရသည်။