အရှေ့အလယ်ပိုင်းဒေသသို့ ဒုတိယမြောက်လေယာဉ်တင်သင်္ဘော အမေရိကန်ရေတပ် ထပ်မံစေလွှတ်
14 Feb
ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောဖြစ်သည့် ယူအက်စ်အက်စ်ဂျရယ်ဖို့ဒ် လေယာဉ်တင်သင်္ဘောကို အမေရိကန်ရေတပ်က အရှေ့အလယ်ပိုင်းဒေသသို့ ထပ်မံစေလွှတ်ထားကြောင်း ဖေဖော်ဝါရီလ ၁၂ ရက် သတင်း များတွင် ရေးသားတင်ပြထားသည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ အီရန်ကို စစ်ရေးအရတိုက်ခိုက်ရန် သင့်၊ မသင့်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ချိန်ဆ နေချိန်တွင် အမေရိကန်ရေတပ်က ယူအက်စ်အက်စ်ဂျရယ်ဖို့ဒ် လေယာဉ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းဒေသသို့ ထပ်မံစေလွှတ်ထားကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားထားသည်။ ယူအက်စ်အက်စ်ဂျရယ်ဖို့ဒ် လေယာဉ်တင်သင်္ဘောသည် အရှေ့အလယ်ပိုင်းဒေသ၌ နေရာယူထားမည့် အမေရိကန်ရေတပ်၏ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်သည်။ လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ၌ ယူအက်စ်အက်စ်အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘောနှင့် ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောသုံးစီးတို့ နေရာယူထားကြောင်း သိရသည်။ ယူအက်စ်အက်စ်ဂျရယ်ဖို့ဒ် လေယာဉ်တင်သင်္ဘောသည် မူလက ကာရေဘီယံ ဒေသ၌ နေရာယူထားသည့် လေယာဉ်တင်သင်္ဘောဖြစ်သည်။ အီရန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် နျူကလီးယားသဘောတူညီချက် ရယူနိုင်မှုမရှိခဲ့ပါက ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဖေဖော်ဝါရီ ၁၂ ရက်တွင် အီရန် အစိုးရကို ထပ်မံပြောကြားထားကြောင်း သိရသည်။