“နောက်ကျပင်နယ်တီဂိုးနဲ့ ချန်ပီယံပြေးလမ်းပေါ်ဆက်ရှိနေသေးတဲ့ မန်စီးတီးအသင်း”
09 Feb
ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ရဲ့ နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းနှင့် မန်စီးတီးအသင်း တို့ပွဲစဉ်မှာ မန်စီးတီးအသင်းက နောက်ကျပင်နယ်တီဂိုးနဲ့ အနိုင် သုံးမှတ်ရယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အိမ်ရှင်လီဗာပူးလ်အသင်းက မန်စီးတီးအသင်းကို ဖိအားပေးကစားထားနိုင်ခဲ့ပြီး အပြန်အလှန် တိုက်စစ်တွေနဲ့ စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ အခုပွဲစဉ်မှာ ပွဲချိန်မိနစ် ၇၀ ကျော်တဲ့အထိ ဂိုးမရှိသရေရလဒ် ဖြစ်ပေါ်ခဲ့ပေမယ့် မိနစ် ၇၄ မိနစ်မှာ ဆာဘိုဇက်လိုင်း က ပြစ်ဒဏ်ဘောမှတစ်ဆင့် အိမ်ရှင်လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၄ မိနစ်မှ ဆေးဗားလ် က သွင်းယူခဲ့ပြီး အနိုင်သေချာစေမယ့် သွင်းဂိုးကိုတော့ နာကျင်အချိန်ပို ၃ မိနစ်မှာရရှိခဲ့တဲ့ ပင်နယ်တီမှတစ်ဆင့် ဟာလန်း က အမှားအယွင်းမရှိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းက အိမ်ရှင် လီဗာပူးလ်အသင်းကို ၂ ဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးမှ အာဆင်နယ်အသင်းကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ အခုပွဲပြီးဆုံးချိန်မှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ချန်ပီယံပြေးလမ်းမှာ အပြောင်းအလဲများစွာ ဖြစ်လာနိုင်သေးတယ်လို့ အာဆင်နယ်အသင်းကို သတိပေးပြောကြားခဲ့ပါတယ်။ (NVS 008)