“ဒူးအရွတ်ဒဏ်ရာလွဲချော်ခဲ့ပေမယ့် ခြေဖဝါးခွဲစိတ်မှုခံယူရမယ့် ဒီလော်ရန်ဇို”
06 Feb
နာပိုလီအသင်းခေါင်းဆောင် နောက်ခံလူ ဒီလော်ရန်ဇိုဟာ ပြင်းထန်တဲ့ ဒူးအရွတ်ဒဏ်ရာနဲ့ လွဲချော်ခဲ့ပေမယ့် ခြေဖဝါး ဒဏ်ရာကိုတော့ ခွဲစိတ်မှုခံယူရမှာဖြစ်တယ်လို့ နာပိုလီအသင်းက အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဖီအိုရင်တီးနားအသင်းကို အနိုင်ရတဲ့ပွဲမှာ ဒီလော်ရန်ဇို က ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒူးအရွတ်ဒဏ်ရာဖြစ်နိုင်တယ်လို့ ပွဲအပြီးမှာ နည်းပြ ကွန်တီ က ပြောကြားထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလော်ရန်ဇို ရဲ့ ဒဏ်ရာကို အသေးစိတ်စစ်ဆေးမှုအပြီးမှာတော့ ဒူအရွတ်ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ အဖြေထွက်လာခဲ့ပေမယ့် ခြေဖဝါးဒဏ်ရာကိုတော့ ခွဲစိတ်ကုသရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလော်ရန်ဇို ကိုယ်တိုင်ကလည်း အခုနှစ်ဘောလုံးရာသီ တစ်လျှောက် ခြေဖဝါးဒဏ်ရာနဲ့ ကစားနေခဲ့ရတာ ဖြစ်ပြီး နာကျင်မှုက မခံနိုင်အောင် ဆိုးရွားလွန်းတယ်လို့ ဝန်ခံထားခဲ့တာ ဖြစ်ပါတယ်။ နာပိုလီအသင်းအနေနဲ့ ဒီလော်ရန်ဇိုရဲ့ ခြေဖဝါးဒဏ်ရာ ခွဲစိတ်ကုသမယ့်ရက်ကို မကြာခင်သတ်မှတ်သွားမှာဖြစ်ပြီး ဒဏ်ရာခွဲစိတ်ပြီးနောက် အနားယူရမယ့်ရက်ကို ခန့်မှန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)