“ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် ၆ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရတဲ့ လက်စတာအသင်း”
06 Feb
လိဂ်ချန်ပီယံရှစ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာအသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုကြောင့် ရမှတ် ၆ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။ လက်စတာအသင်းဟာ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာလအတွင်း အမြတ်ငွေနဲ့တည်တံ့မှု စည်းမျဉ်း(PSR)နဲ့ ကိုက်ညီအောင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ စည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့် အခုလိုအရေးယူခံရ ခြင်းဖြစ်ကြောင်း သိရပါတယ်။ PSR စည်းမျဉ်းအရ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ၃ ရာသီအတွင်း ပေါင် ၁၀၅ သန်းထက်ပိုပြီး အရှုံးပေါ်လို့မရဘဲ အောက်တန်းလိဂ်တွေကို ရောက်သွားခဲ့ရင်တော့ တစ်ရာသီမှာ ပေါင် ၂၂ သန်းသာ အရှုံးပေါ်ခွင့်ရှိကြောင်း သိရပါတယ်။ လက်စတာအသင်းဟာ ၂၀၂၁-၂၂၊ ၂၀၂၂-၂၃ နဲ့ ၂၀၂၃-၂၄ ရာသီ ၃ ခုမှာ သတ်မှတ်ချက်ထက်ပိုပြီး အရှုံးပေါ်ခဲ့တာကြောင့် ၆ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ လက်စတာအသင်းဟာ ဒီရာသီလိဂ်ချန်ပီယံရှစ်မှာ ပြစ်ဒဏ်ချမှတ်မခံရခင်ကတည်းက အဆင့်(၁၇)နေရာ ရောက်ရှိနေခဲ့ပြီး ၆ မှတ်လျှော့ခံရချိန်မှာတော့ အဆင့်(၂၀)နေရာ ရောက်ရှိသွားခဲ့ပါတယ်။ ဒါကြောင့် တန်းဆင်းဇုန် ထဲမှာရှိနေတဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ အမှတ်တူဖြစ်သွားခဲ့တာကြောင့် လိဂ်ချန်ပီယံရှစ်ကနေ တန်းထပ်မဆင်းရဖို့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ (NVS 008)