“နိုင်ငံတော်ယာယီသမ္မတနှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့တွေ့ဆုံ”
04 Feb
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖေဖော်ဝါရီလ ၃ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသံတမန်ဆောင်ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံပါတယ်။ တွေ့ဆုံစဥ် နိုင်ငံတော်ယာယီသမ္မတမှ မိမိတို့အနေနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ခံရသူကိုယ်စားလှယ်များ၏အမည်စာရင်းကို နောက်ဆုံး ထုတ်ပြန်သွားမည်ဖြစ်ကာ မတ်လတတိယပတ်အတွင်း လွှတ်တော်အစည်းအဝေးခေါ်ယူသွားမည်ဟု ဆွေးနွေး ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးချိန်မှာ အဆွေတော်၏ ခရီးစဉ်ရောက်ရှိ လာမှုမှာ ထူးခြားလေးနက်မှုရှိပြီး အဆွေတော်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများကို ပိုမိုမြှင့်တင်သွားနိုင်မည်ဟုလည်း ဆွေးနွေးပြောကြားပါတယ်။ ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးမှလည်း ရုရှားနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က အဆွေတော်တို့နိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုအတွက်ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာကို လက်ရောက်ပေးအပ်လိုပြီး မြန်မာနိုင်ငံအနေနဲ့ အခက်အခဲများကြားမှရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ နိုင်ခဲ့မှု အပေါ် ရုရှားနိုင်ငံအနေဖြင့် အသိအမှတ်ပြုကာ နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့ပါတယ်။ အဲဒီနောက် ၎င်းတို့နှစ်ဦးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပချိန်၌ ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်၍ ပြည်သူများတက်ကြွစွာ ဆန္ဒမဲပေးခဲ့ကြတာကို မြင်တွေ့ခဲ့ရမှု၊ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ရပ်အဖြစ်ကျင်းပနိုင်ခဲ့မှု၊ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)