“နိုင်ငံ့ဝန်ထမ်းများအနေနဲ့ နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ တာဝန်များထမ်းဆောင်ရမည်”
04 Feb
နိုင်ငံ့ဝန်ထမ်းများအနေနဲ့ နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖေဖော်ဝါရီလ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများကို အမှာစကား ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကာ သမိုင်းကြောင်းအရ နိုင်ငံ့ဝန်ထမ်းအချို့၏ စီးပွားရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ မသမာမှုများဆောင်ရွက်ခဲ့ကြခြင်းက တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်း ကြောင့်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေနဲ့ ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဋ္ဌာန်းထားပြီးဖြစ်ကာ ပုလဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲများနှင့် နိုင်ငံ့ဝန်ထမ်းဆောင်ရွက်ပါက Good Governance ၊Good Goverment မဖြစ်နိုင်ကြောင်း ၊နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲ ခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးမိမိတို့ ၂၀၂၁ ခုနှစ်စတင်တာဝန်ထမ်းဆောင်ခဲ့ရချိန်မှာ ဝန်ထမ်းအများစုလုပ်ငန်းခွင်စွန့်ခွာမှုများ လုပ်ဆောင်ခဲ့ကြသည့် အခက်အခဲ၊ နိုင်ငံရေးအရဖြစ်ပေါ်လာတဲ့ ပဋိပက္ခများနှင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် သဘာဝဘေးကြုံတွေ့ရမှု အကြပ်အတည်းများကြားမှ လက်ရှိအခြေအနေအထိ နိုင်ငံတော်ကို တည်ဆောက်ခဲ့ရခြင်း ဖြစ်၍ နိုင်ငံသားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ တိုင်းချစ်ပြည်ချစ်စိတ်များကို တည်ဆောက်ပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံသားတိုင်းအနေနဲ့ နိုင်ငံတော်၏ဖြစ်တည်မှုပထဝီဝင်အနေအထားများနှင့် အမျိုးသားရေးစရိုက်လက္ခဏာ များ၊ နိုင်ငံတော်နှင့်သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့အပါအဝင်အထွတ်အမြတ်ထားရမည်ဖြစ်ပြီး လေးစားတန်ဖိုးထားချစ်မြတ်နိုးရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။ (NVS 004)