“ဘီလူးချောင်း(၂)-တောင်ငူဓာတ်အားလိုင်းကို တာဝါတိုင် ၉ တိုင်နဲ့ လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်မှု ၅၀ရာခိုင်နှုန်းပြီးစီး”
03 Feb
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်လျက်ရှိရာ ရထားလမ်းသစ် ဖြတ်ကျော်နေရာမှာ တည်ရှိသော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူဓာတ်အားလိုင်းကို တာဝါတိုင် ၉ တိုင်နဲ့ လိုင်းအူကြောင်း ပြောင်းရွှေ့တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ လုပ်ငန်းဆောင်ရွက်မှုမှာ ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်း က ဖေဖော်ဝါရီလ ၁ ရက်မှာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ပါတယ်။ တောင်ငူမြို့ရှောင်ရထားလမ်းဖောက်လုပ်ရာမှာ လွတ်ကင်းမှုမရှိတဲ့ ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းပြောင်းရွှေ့တည်ဆောက်နိုင်ရန် တာဝါတိုင်ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် တာဝါတိုင်များစိုက်ထူနိုင်ရန် တိုင်များတပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင်လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဝန်ထမ်းများအန္တရာယ်ကင်းစွာဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စံချိန်စံနှုန်းပြည့်မီစေရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။(NVS 004)