“ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် လက်ဖက်ပွဲတော်ကို ၄ ရက်ကြာကျင်းပမည်”
03 Feb
မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းကာ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် လက်ဖက်ပွဲတော်ကို စိမ်းလန်းစိုပြေမှာ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ ၄ ရက်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါ ၄ ရက်တာအတွင်း တိုင်းရင်းသားအသီးသီး၏ လက်မှုပညာပြပွဲ၊ ရိုးရာအစားအစာပြပွဲတို့အပြင် အထူးပြပွဲအစီအစဉ်အနေဖြင့် ဖေဖော်ဝါရီလ ၁၁ ရက် နှင့် ၁၃ ရက်တို့တွင် လက်ဖက်စကားဝိုင်းနှင့် လက်ဖက်ကို နိုင်ငံတကာမှာ လက်ဖက်ဖြင့်တွဲဖက်စားသုံးနိုင်သည့် အမျိုးအစား ၁၂ မျိုးတို့အား ခင်းကျင်းပြသမှာ ဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့လက်ဖက်ပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်မှာ တောင်ပေါ်ဒေသမှထွက်သော လက်ဖက်စိုနှင့် မြေပြန့် ဒေသမှထွက်သော နှမ်းဆီ၊ ပဲဆီ၊ အကြော်စုံများကို တွဲဖက်စားသုံးသောကြောင့် ပေါင်းစည်းခြင်းဟုအဓိပ္ပာယ်ရ၍ ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြစ်စေရန်၊ လက်ဖက်စိုစားသုံးခြင်း ယဉ်ကျေးမှုဓလေ့ကို မြန်မာနိုင်ငံသားများသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ နှစ်သက်ဖွယ်ရာ အစားအစာတစ်ခုအဖြစ် သိမြင်လာစေရန်၊ ထိုယဉ်ကျေးမှုဓလေ့ကို UNESCO Representative List of The Intangible Cultural Heritage (UNESCO ၏ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်)အဖြစ် သတ်မှတ်စေရန်၊ မျိုးဆက်သစ်တို့အပါအဝင် ပြည်သူတစ်ရပ်လုံးက မြန်မာ့ လက်ဖက်စိုစားသုံးသည့်ဓလေ့ကို ထဲထဲဝင်ဝင်ပိုမိုသိရှိနားလည်ပြီး နှစ်သက်မြတ်နိုးတန်ဖိုးထားကာ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်တို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လတွင် မြန်မာ့သနပ်ခါးကို ယူနက်စကိုသို့ တင်သွင်းခဲ့ပြီးနောက် ယခုအခါလူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအသိအမှတ်အဖြစ် လက်ဖက်ကို ယူနက်စကို တင်သွင်းနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ (NVS 004)