တင်းမာမှုများလျော့ကျစေရန် အီရန်နှင့် အမေရိကန်တို့အကြား စေ့စပ်ဆွေးနွေးပွဲများ ကျင်းပမည်

03 Feb

အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ဖြစ်ပွားနေသည့်တင်းမာမှုများ လျော့ကျစေရန်အတွက် နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးပွဲများကို မကြာမီ ကျင်းပမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် ထုတ်ပြန်သည်။ နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးပွဲများကို အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အရတ်ချီ နှင့် အမေရိကန် အထူးသံတမန် စတိဝှစ်တော့ တို့က ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း အရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ တက်စမင်သတင်းဌာနက ဖော်ပြသည်။ လက်ရှိတွင် အီရန်အစိုးရအနေဖြင့် အမေရိကန်နှင့် စေ့စပ်ဆွေးနွေးရန်အတွက် မူဘောင်များကို သတိထား၍ အကဲဖြတ်လျက်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်ဖော်ပြသည်။ နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးပွဲများတွင် အမေရိကန်အစိုးရက အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများ ဖယ်ရှားပေးရေးနှင့် အီရန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အီရန်နှင့် အမေရိကန်တို့အကြား ဖြစ်ပွားနေသည့် တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် စေ့စပ်ဆွေးနွေး ပွဲများကျင်းပရန် ဒေသတွင်းနိုင်ငံများက ကြားဝင်ဖျန်ဖြေခဲ့ခြင်းဖြစ်သည်။

03 Feb

ADVERTISE HERE .