“ဩစတြေးလျအိုးပင်းမှာ ဆာဘာလန်ကာ ကို အနိုင်ယူပြီး ဒုတိယမြောက် ဂရင်းစလမ်ချန်ပီယံဖြစ်ခဲ့ ရီဘာကီနာ”
02 Feb
ဇန်နဝါရီလ ၃၁ ရက်က ဩစတြေးလျအိုးပင်းရဲ့ အမျိုးသမီးတစ်ဦးချင်းဖိုင်နယ်ပွဲမှာ ကမ္ဘာအဆင့်(၅) ရီဘာကီနာ က ကမ္ဘာအဆင့်(၁) ဆာဘာလန်ကာ ကို အနိုင်ရရှိခဲ့ပြီး ဒုတိယမြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်က ချန်ပီယံလုပွဲဖြစ်တာနဲ့အညီ အပြန်အလှန်ရိုက်ချက်များနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲပြီးဆုံးချိန် မှာတော့ ကမ္ဘာအဆင့်(၅) ရီဘာကီနာ က ကမ္ဘာအဆင့်(၁) ဆာဘာလန်ကာ ကို ၆-၄, ၄-၆, ၆-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ၂၀၂၅ ရာသီအစမှာ ရုန်းကန်ခဲ့ရတဲ့ ရီဘာကီနာ က ရာသီကုန်အထိ ဖလားတစ်လုံးနဲ့သာ အဆုံးသတ်ခဲ့ပေမယ့် အခုရာသီအစမှာတော့ ဂရင်းစလမ်းချန်ပီယံဆုနဲ့အတူ ရာသီတစ်ခုစတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသားတစ်ဦးချင်းဖိုင်နယ်ပွဲစဉ်မှာတော့ ကမ္ဘာ့နံပါတ်(၁)စပိန်တင်းနစ်သမား အယ်ကာရက်ဇ် က အဆင့်(၄) တင်းနစ်သမား ဂျိုကိုဗစ် ကို ၂ - ၆၊ ၆-၂၊ ၆-၃၊ ၇-၅ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ (NVS 008)