“ပထမဆုံးပရီးမီးယားလိဂ် သုံးပွဲဆက် အနိုင်ရတဲ့ စတုတ္ထမြောက်အင်္ဂလိပ်နည်းပြအဖြစ် ရိုဆီနီယာ မှတ်တမ်းဝင်”
02 Feb
ချဲလ်ဆီးအသင်းနည်းပြ ရိုဆီနီယာ ဟာ ဝက်စ်ဟမ်းကို အနိုင်ရပြီးနောက် ပထမဆုံးပရီးမီးယားလိဂ် သုံးပွဲဆက် အနိုင်ရတဲ့ စတုတ္ထမြောက် အင်္ဂလိပ်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ရိုဆီနီယာရဲ့အသင်းဟာ ပြိုင်ပွဲစုံ ငါးပွဲဆက်တိုက် အနိုင်ကစားနိုင်ခဲ့တာလည်းဖြစ်တယ်။ ဒါပေမယ့် အခုပွဲမှာတော့ ပထမပိုင်းမှာ နှစ်ဂိုးအရှုံးနဲ့ နောက်ကလိုက်ကစားခဲ့ရကာ ဒုတိယပိုင်းမှာ သွင်းဂိုး သုံးဂိုးအထိ ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ ရိုဆီနီယာ အနေနဲ့ ပထမပိုင်းအပြီး ကစားသမားသုံးဦးအထိ အပြောင်းအလဲလုပ်ခဲ့တာကလည်း ပွဲကို အပြောင်းအလဲဖြစ်စေခဲ့ပြီး အခုပွဲရဲ့ ပွဲထွက်စာရင်းမှာ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ်လူစာရင်းကို ခုနစ်နေရာအထိ အပြောင်းအလဲလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး သုံးပွဲဆက်အနိုင်ရခဲ့တဲ့ နည်းပြတွေကတော့ ဘော်ဘီဂူးလ် (၁၉၉၂ သြဂုတ်)၊ ဆမ်အလာဒိုက်စ် (၂၀၂၁ သြဂုတ်)၊ ရှိတ်စပီးယား (၂၀၁၇ ဧပြီ၊ ငါးပွဲဆက်)တို့ ဖြစ်ပါတယ်။ (NVS 008)