“ယူကရိန်း၌ အအေးဒဏ်ကို ပြင်းထန်စွာခံစားနေရချိန် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် စီစဉ်”
02 Feb
ယူကရိန်းနိုင်ငံ၌ အအေးဒဏ်ကို ပြင်းထန်စွာခံစားနေရချိန်နှင့် စွမ်းအင်အခက်အခဲများကြုံတွေ့နေစဉ် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များအကြားငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်များကို ဖေဖော်ဝါရီလ ၄ ရက် နှင့် ၅ ရက်တို့တွင် အဘူဒါဘီမြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီ က ဖေဖော်ဝါရီလ ၁ ရက် တွင်ပြောသည်။ အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် အဆိုပါသုံးပွင့်ဆိုင်ဆွေးနွေးပွဲသည် စစ်ပွဲကို ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ညှိနှိုင်းရေးအဖွဲ့သည် အနှစ်သာရရှိသော ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဟု ဇာလန်းစကီးက လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုထားသည်။ ဇန်နဝါရီလအတွင်း အဘူဒါဘီမြို့၌ ပထမအကျော့ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နယ်မြေပိုင်းခြားရေး ဆိုင်ရာကိစ္စရပ်များတွင် သဘောထားကွဲလွဲမှုများရှိနေဆဲဖြစ်သည်။ တစ်ဖက်တွင်လည်း ယူကရိန်းနိုင်ငံတစ်ဝန်း၌ အပူချိန်မှာ အနုတ် ၃ဝ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။ ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက်အတွင်း အအေးဒဏ်အပြင်းထန်ဆုံးဖြစ်နိုင်ပြီး လျှပ်စစ်နှင့်အပူပေးစနစ်များ ပြတ်တောက်နေမှုကြောင့် ပြည်သူသန်းပေါင်းများစွာမှာ ဒုက္ခရောက်နေကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။