“အီရန်လွှတ်တော်က ဥရောပသမဂ္ဂတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြောင်းထုတ်ပြန်”

02 Feb

ဥရောပသမဂ္ဂက အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်လွှတ်တော်ကလည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ်သတ်မှတ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။ အီရန်လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဆုံးဖြတ်ချက်ကို လွှတ်တော်၌ ကြေညာခဲ့ခြင်းဖြစ်ပြီး အီရန်လွှတ်တော် အမတ်များသည် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ အစိမ်းရောင်စစ်ဝတ်စုံများကို ဝတ်ဆင်ကာ ဥရောပ၏ လုပ်ရပ်အပေါ်ကန့်ကွက်ကြောင်းပြသသည်။ ဥရောပသမဂ္ဂသည် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်စာရင်းသွင်းရန် ဇန်နဝါရီလ ၂၉ ရက်တွင် သဘောတူပြီးနောက် ယခုကဲ့သို့ အပြန်အလှန်တုံ့ပြန်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ဤလုပ်ရပ်ကြောင့်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက် အားလုံးကို ဥရောပသမဂ္ဂက တာဝန်ယူရမည် ဟုလည်း အီရန်လွှတ်တော်ဥက္ကဋ္ဌကသတိပေးထားသည်။ ထို့ပြင် လွှတ်တော်၏ လုံခြုံရေးကော်မတီအနေဖြင့် နိုင်ငံရှိ ဥရောပစစ်သံမှူးများကို နှင်ထုတ်ရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်သည်။ ဥရောပ၏ဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံ၏ ညွှန်ကြားချက်ကို လိုက်နာခြင်းဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဟန့်တားရာရောက်သည်ဟု လွှတ်တော်အမတ်များက ပြောထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

02 Feb

ADVERTISE HERE .