“အိမ်သုံးဓာတ်အားခနှုန်းထားများ ယခင်အတိုင်း ပြောင်းလဲမှုမရှိဘဲ အချိန်ပြည့်ဓာတ်အားဖြန့်ဖြူပေးမည်”

02 Feb

ရန်ကုန်မြို့တွင် အလှည့်ကျစနစ်ဖြင့်‌ မီးပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှအချိန်ပြည့် ဓာတ်အားဖြန့်ဖြူး ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး အိမ်သုံးဓာတ်အားခနှုန်းထားများကတော့ ယခင်နှုန်းထားအတိုင်း ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှုနှင့်ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့က စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်၊ စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို LNG ကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးတော့မှာဖြစ်တာကြောင့် လျှပ်စစ်ဓါတ်အားသုံးစွဲခ အပြောင်းအလဲရှိမယ်လို့ ပြောကြားခဲ့ပါတယ်။ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေးအတွက် LNG ဖြင့် ထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ်မြင့်မားသော်လည်း စက်မှုကဏ္ဍကုန်ထုတ်လုပ်မှုများ အရှိန်အဟုန်မပြတ်စေရန် ရည်ရွယ်၍ “LNG to Industry” ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် မျှတစေဖို့ စက်မှုနှင့် စီးပွါးရေးလုပ်ငန်းများကို “စီးပွားရေးနှုန်းထား (Economic Rate)” တစ်ခုသတ်မှတ်ဆောင်ရွက်သွားဖို့ရှိပြီး ယခင်စက်မှုလုပ်ငန်းများအတွက် သုံးစွဲခဲ့တဲ့ ဓာတ်အား များကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မှာဖြစ်လို့ အလှည့်ကျစနစ်မီးပေးခြင်းအစား အချိန်ပြည့် ဓာတ်အားဖြန့်ဖြူး ပေးနိုင်မှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိသည့် အရင်းအမြစ် အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ ၂ ရုံ၊ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ၁၂ ရုံ တို့ဖြင့် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၆,၇၂၅ မဂ္ဂါဝပ်အထိရှိတယ်လို့လည်း သိရပါတယ်။ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄,၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တဲ့ အခြေအနေ ဖြစ်ပေမယ့် ဓာတ်အားထုတ်လုပ်ရာနေရာများ ဖျက်ဆီးခံရခြင်းအပါအဝင် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြည်းဖြည်းလျော့နည်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ကျော်မှာ လျော့နည်းထုတ်လုပ်ရရှိခဲ့ တာကြောင့် တစ်ရက်လျှင် ၃,၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင် အချိန်ပိုင်း အလှည့်ကျ စနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အအပြင် အချိန်တိုအတွင်း ရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံစီမံကိန်းကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်မှစ၍ ယင်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့တာကြောင့် ယခုအခါ တစ်ရက်လျှင် စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ် (၆၀,၀၀၀ မဂ္ဂါဝပ်နာရီ) အထိ ထုတ်လုပ်ရရှိနေပြီဖြစ်ပါတယ်။ နိုင်ငံအတွင်း ဓာတ်အားရရှိမှုအနေဖြင့် ၇၀ ဒသမ ၄၃ ရာခိုင်နှုန်းရှိပြီး မီးသုံးသူ ၆၉ သိန်းခန့်ရှိကြောင်း၊ အိမ်သုံးနှုန်းဖြင့် သုံးစွဲနေသော ၁ ယူနစ်မှ ၅၀ ယူနစ်အထိသုံးစွဲသူ ၄၂ ရာခိုင်နှုန်း နှင့် ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ သုံးစွဲသူ ၁၉ ရာခိုင်နှုန်းရှိသဖြင့် အိမ်သုံးနှုန်းထားဖြင့် သုံးစွဲနေသော ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်း ခန့်ရှိတယ်လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကနေ သိရပါတယ်။ (NVS 004)

02 Feb

ADVERTISE HERE .