“(၅၅)ကြိမ်မြောက် သီပေါသီတဂူစက္ခုဒါနဆေးရုံ အခမဲ့မျက်စိကုသမှု လူနာ ၁,၀၀၀ ကျော်ကုသပေးနိုင်ခဲ့”
02 Feb
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ (၅၅)ကြိမ်မြောက် အခမဲ့မျက်စိ ကုသမှုမှာ လူနာပေါင်း ၁,၂၄၇ ဦးကို ကုသပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အခမဲ့မျက်စိကုသမှုအစီအစဉ်ကို ဇန်နဝါရီလ ၂၆ ရက်မှ ၃၁ ရက်အထိ ၆ ရက်ကြာကုသပေးခဲ့ရာ စမ်းသပ်စစ် ဆေးပေးခဲ့တဲ့ မျက်စိလူနာပေါင်း ၈၆၅ ဦး ၊ ခွဲစိတ်ကုသပေးခဲ့သော မျက်စိလူနာပေါင်း ၃၈၂ ဦး စုစုပေါင်း ၁,၂၄၇ ဦး ရှိကြောင်း သိရပါတယ်။ သီပေါသီတဂူစက္ခုဒါနဆေးရုံတွင် ပထမကြိမ်မြောက်မှ ယခု (၅၅)ကြိမ်မြောက်အထိ စမ်းသပ်စစ်ဆေးမျက်စိ လူနာပေါင်း ၃၇,၅၇၂ ဦး၊ ခွဲစိတ်ကုသပေးသော မျက်စိလူနာပေါင်း ၉,၄၆၀ ဦးအထိရှိပြီဖြစ်ကြောင်း သိရပါတယ်။ သီပေါသီတဂူစက္ခုဒါနဆေးရုံကို သီတဂူဆရာတော်ဘုရားကြီးက ၂၀၀၈ ခုနှစ်မှာ ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဆေးရုံကြီးအား ကျပ်သိန်းပေါင်း ၁,၃၃၃ သိန်းခန့် ကုန်ကျခံဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်ပွားချိန်မှာ စမ်းသပ်ခွဲစိတ်ကုသပေးမှုများကို ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလမှစတင်၍တစ်နှစ်လျှင် တစ်ကြိမ် ပြန်လည်ဖွင့်လှစ်ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)