“ဒေသတွင်းနိုင်ငံများနှင့်ယှဉ်ပြိုင်နိုင်အောင်ကြိုးစားနေဟုဆို”
02 Feb
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မှာ ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေးအသင်းရုံးခွဲ ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးမှာ ၂ဝ၂၂-၂၀၂၅ ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌ ဦးစိုးနိုင် က ပြောကြားခဲ့ပါတယ်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို ၂၀၀၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ရာ အသင်းဝင်ဂိတ် ၂၀ ကျော် နှင့် အသင်းဝင်ကား ၄၀၀ ကျော်သာရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ အသင်းအဖွဲ့မှတ်ပုံတင်နဲ့ လုပ်ကိုင်ခဲ့ပြီး ၁၆ နှစ်တာကာလ အတွင်း ကုမ္ပဏီ(ဂိတ်) ၉၄ ဂိတ်နှင့် အသင်းဝင်ယာဥ်စီးရေ ၂,၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားရှိပြီးဒေသတွင်း နိုင်ငံများနှင့် ယှဥ်ပြိုင်နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယခင်အလုပ်အမှုဆောင် သက်တမ်းကာလအတွင်း မော်တော်ယာဉ်များ၏ ပြင်ဆင်စရိတ်၊ အပိုပစ္စည်းများ၊ ဒီဇယ်ဈေးများတက်လာသဖြင့် ဈေးနှုန်းပြင်ဆင်ခြင်းကို အထူးအစည်းအဝေးများ (၃)ကြိမ် ခေါ်ယူပြင်ဆင်ခဲ့တဲ့အပြင် အသင်းဝင်ယာဉ်မောင်းများ စည်းကမ်းတကျနှင့် ဘေးကင်းလုံခြုံစွာမောင်းနှင်စေရန် အသိပညာပေးဟောပြောပွဲ များကို ယာဉ်ထိန်းတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင်းဝင်များ၏ စမတ်ကတ် လုပ်ဆောင်ပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်တွင် အသင်းသူ၊ အသင်းသားများထံမှ ကောက်ခံရရှိငွေသိန်း ၄၀၀ ခန့် အနက်မှ သိန်း ၁ဝဝ ကို UMFCCI မှတစ်ဆင့် အကူအညီလိုအပ်တဲ့ ဒေသများကို ထည့်ဝင်လှူဒါန်းခဲ့ပြီး ကျန်ငွေများကို ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့ရှိလိုအပ်တဲ့ နေရာများသို့ လှူဒါန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 004)