“အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်”
02 Feb
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပတဲ့ (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မနီလာမြို့ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (၂၅) ကြိမ်မြောက်အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်နှင့် ကိုရီးယား)ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၊ (၅)ကြိမ်မြောက် အာဆီယံ -ရုရှား ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးများကိုလည်း တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်က ချမှတ် ခဲ့တဲ့ အာဆီယံခေါင်းဆောင်များ၏ အရည်အသွေးပြည့်ဝသော ခရီးသွားလာရေးဆိုင်ရာ ကြေညာချက် နှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်တဲ့ အရည်အသွေးမြင့်ခရီးသွားလုပ်ငန်း ပိုမိုမြှင့်တင်ရေး အရေးပါပုံတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးများမှတစ်ဆင့် အာဆီယံခရီးသွားလုပ်ငန်းစီမံကိန်း (၂၀၂၆-၂၀၃၀)၊ အာဆီယံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးစီမံကိန်း (၂၀၂၆-၂၀၃၀)၊ အာဆီယံအပေါင်း တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ်(၂၀၂၆-၂၀၃၀)၊ အာဆီယံ-ရုရှားဖက်ဒရေးရှင်း၊ အာဆီယံ-အိန္ဒိယ ခရီးသွား လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) တို့ကို အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်း ဆုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံမှ ဟိုတယ် ၂၄ ခုမှ ကဏ္ဍအသီးသီးအလိုက်ဆုများ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 004)