“(၂၂) ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲကျင်းပမည်”
02 Feb
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးမှူး၍ (၂၂) ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ပြိုင်ပွဲကို လာမည့်ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)မှ ဖေဖော်ဝါရီလ ၁၄ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲကို မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်ရှိ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်း၊ မြမာလာဥယျာဉ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။ ၎င်းပြပွဲ၊ ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်လုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ်ထားပါတယ်။ မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့်အတူ မြမာလာဥယျာဉ်အတွင်း မြို့တော်သူမြို့တော်သားများ လာရောက်အပန်းဖြေနိုင်ရန် သစ်သီးဝလံပန်းမန် ကိုယ်စားပြုပုံဖော်ထားတဲ့ အလှဆင် ပန်းဝိုင်းကြီး ၃ ခု ပြုလုပ်ထားမည်ဖြစ်ပြီး အလှဓာတ်ပုံရိုက်ရန်နေရာများလည်း ပြင်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ အဆိုပါပြပွဲမှာ ဌာနဆိုင်ရာပြခန်း ၁၆ ခန်း၊ အရောင်းပြခန်း ၇ ခန်း၊ ပျိုးပင်အရောင်းဆိုင် ၁၈ ဆိုင်၊ ပါဝင်မည်ဖြစ်သလို ပွဲတော်ကာလအတွင်း လာရောက်လေ့လာလည်ပတ်သူများကို ပျိုးပင်များ လက်ဆောင်ပေးမည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲကို အမျိုးအစားအလိုက် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနေနဲ့ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၁ ရက် အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ပြိုင်ပွဲဝင်ပစ္စည်းများကို မြမာလာဥယျာဉ်အတွင်းရှိ ကွပ်ကဲရေးရုံးသို့ ပေးပို့ရမှာဖြစ်ပါတယ်။ ဆုများကိုလည်း ထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်ပြီး ဆုအများဆုံးရရှိတဲ့ ပြိုင်ပွဲဝင်အား တံခွန်စိုက်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)