အယ်လ်ဗာရက်ဇ် ရဲ့ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁ဝဝ သတ်မှတ်ခဲ့တဲ့ အေတီကိုအသင်း
01 Feb
အေတီကိုအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားသည့် တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ မန်စီးတီးအသင်း၌ ပွဲကစားခွင့် နည်းပါးမှုကြောင့် ၂၀၂၄ ခုနှစ်က အေတီကိုအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ အယ်လ်ဗာရက်ဇ် ဟာ အသင်းနှင့်အတူ ခြေစွမ်းပြသနေသူဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အယ်လ်ဗာရက်ဇ် က အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနေသော်လည်း နည်းပြ ဆီမြွန်နီ နှင့် ဆက်ဆံရေးတင်းမာမှုများ ရှိနေတာကြောင့် အပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာပြီး ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန်ဆုံးဖြတ် ထားခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကလည်း ယခုနှစ်ဘောလုံးရာသီတွင် တိုက်စစ်မှူး လီဝမ်ဒေါစကီး ထွက်ခွာဖွယ်ရှိနေလို့ တိုက်စစ်ပိုင်းအတွက် အယ်လ်ဗာရက်ဇ် ကိုခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်သည့် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ကလည်း ဘာစီလိုနာအသင်းနှင့်အပြိုင် ခေါ်ယူရန် ပြင်ဆင်နေတာကြောင့် အေတီကိုအသင်းက အယ်လ်ဗာရက်ဇ် ရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အထိ သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)