ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၆၀ စင်းဝင်ရောက်ဆိုက်ကပ်မည်
01 Feb
လာမည့်ဖေဖော်ဝါရီလတွင် နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၆၀ စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန် ဝင်ရောက်ဆိုက်ကပ်လျက်ရှိပြီး ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၇၃၁ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၆၃ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပါတယ်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းဖြင့် ဝန်ဆောင်မှုများ ပေးနေခြင်းဖြစ်ပါတယ်။ ပြည်ပသို့ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းနိုင်ရေး တို့အတွက် ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရပါတယ်။(NVS 004)