ဖေဖော်ဝါရီလ ရက်ရှည်ရုံးပိတ်ရက်အတွက် ကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် ကြိုတင်မှာယူမှုများပြား
31 Jan
လာမည့် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်များရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများ၌ ဟိုတယ်နှင့်တည်းခိုခန်းအားလုံး ၉၀ ရာခိုင်နှုန်းနီးပါး ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ရုံးပိတ်ရက်ရှည်ဖြစ်သည့် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)မှ ၁၇ ရက်(တရုတ်နှစ်သစ်ကူး ပိတ်ရက်)အထိ ၆ ရက်တာအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီ ကမ်းခြေတို့၏ အပန်းဖြေခရီးစဉ်တို့အတွက် ဟိုတယ်နှင့်တည်းခိုခန်းများအား ကြိုတင်မှာယူမှုများ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများတွင် ပြည်တွင်း/ပြည်ပခရီးသွားများ တည်းခိုအနားယူနိုင်ရန် ငွေဆောင်ကမ်းခြေ၌ ဟိုတယ် ၃၈ လုံး၊ တည်းခိုခန်း ၇၀ ခု၊ ချောင်းသာကမ်းခြေ၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၃၂ လုံး၊ တည်းခိုခန်း ၅၅ လုံး၊ ရွှေသောင်ယံကမ်းခြေ၌ ဟိုတယ် ၆ လုံး၊ တည်းခိုခန်း ၃ လုံးနှင့် ပုသိမ်မြို့နှင့် အခြားဒေသများ၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၄၉ လုံး၊ တည်းခိုခန်း ၃၁၅ လုံး ဖွင့်လှစ်ထားကြောင်း သိရပါတယ်။(NVS 004)