ရင်းနှီးမြှုပ်နှံမှုကော်မတီမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုနှင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုအတည်ပြုပေး
31 Jan
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုနှင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို ဇန်နဝါရီလ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ (၁/၂၀၂၆)ကြိမ်မြောက်အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌမှ အတည်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေနဲ့ စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများမှာ SKD စနစ်ဖြင့် လူသုံးကုန်လျှပ်စစ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်၍ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချခြင်းလုပ်ငန်း၊ ဒီဇယ်အင်ဂျင်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ကာ အဆိုပါရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ငွေကျပ် ၉,၅၃၇ ဒသမ ၂၂၇ သန်းနှင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၇၂၀ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၉၁၁ ဦးအတွက် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်းနှစ်ခုအပါအဝင် အထွေထွေကိစ္စရပ်များတင်ပြလာသည့် ကုမ္ပဏီ ၁၂ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။(NVS 004)