ဒေါ်နယ်ထရမ့် ၏ မေတ္တာရပ်ခံချက်ကြောင့် ယူကရိန်းအပေါ်တိုက်ခိုက်မှုများ ခေတ္တရပ်နားရန် ရုရှားသဘောတူ
31 Jan
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ မေတ္တာရပ်ခံချက်ကြောင့် ယူကရိန်းအပေါ် တိုက်ခိုက်မှုများကို ခေတ္တ ရပ်နားထားရန် သမ္မတ ပူတင် က သဘောတူလိုက်ကြောင်း ကရင်မလင်နန်းတော်က ဇန်နဝါရီလ ၃ဝ ရက်တွင် အတည်ပြုထုတ်ပြန်သည်။ အမေရိကန်သမ္မတသည် ဇန်နဝါရီလ ၂၉ ရက်တွင် အိမ်ဖြူတော်၌ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းနှင့် ရုရှားသမ္မတတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုလုပ်ကြောင်း ပြောထားသည်။ ယူကရိန်းနိုင်ငံအတွင်း အလွန်အမင်းအေးခဲနေသည့် ရာသီဥတုဒဏ်ကို ပြည်သူများခံစားနေရသဖြင့် မြို့ကြီးများအပေါ် ဗုံးကြဲတိုက်ခိုက်မှုကို သီတင်းပတ်တစ်ပတ်ကြာ ရပ်နားရန် ထရမ့် က တောင်းဆိုခြင်းဖြစ်ပြီး ရုရှားဘက်ကလည်း ဖေဖော်ဝါရီလ ၁ ရက်အထိ တိုက်ခိုက်မှုများ ရပ်နားထားမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ ကပြောသည်။ ရုရှား၏ဆုံးဖြတ်ချက်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လမ်းဖွင့်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပက်စကော့ ကဆိုသည်။ ယူကရိန်းသမ္မတကမူ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရန် ယခုကဲ့သို့ တိုက်ခိုက်မှုရပ်နားခြင်းကို ကြိုဆိုသော်လည်း ရုရှား၏ ကတိကဝတ်အပေါ် သတိထားစောင့်ကြည့်နေကြောင်း ပြောသည်။ လက်ရှိတွင် ယူကရိန်း၌ အပူချိန် အနုတ် ၃ဝ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနေပြီး စွမ်းအင် အဆောက်အအုံများ ပျက်စီးမှုကြောင့် ပြည်သူများ အခက်အခဲဖြစ်ပေါ်နေချိန်တွင် ယခုသဘောတူညီမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။