“ဟဲဟိုးမှာ တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံ ထပ်မံဖွင့်လှစ်”

30 Jan

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာမှာ တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရပါတယ်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို Myanmar United Farmers Agricultural Co., Ltd ဟဲဟိုး အာလူးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ဇန်နဝါရီလ ၂၇ ရက်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒေသတွင်း အာလူးစိုက်တောင်သူများ၏ မျိုးအာလူးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် အာလူးစိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်လာဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်အတွင်း မျိုးအာလူးများ အရည်အသွေးကျဆင်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်မှုမရှိစေရေး အတွက် မျိုးအာလူး အအေးခန်းသိုလှောင်ရုံများအဖြစ် နောင်တရားမြို့မှာ တန် ၂,၀၀၀ ဆံ့၊ ဟဲဟိုးမြို့မှာ တန် ၁,၀၀၀ ဆံ့၊ အောင်ပန်းမြို့တွင် တန် ၁,၃၀၀ ဆံ့၊ ပင်းတယမြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တန် ၈၅၀ ဆံ့ နှင့် ယခုထပ်မံဖွင့်လှစ်ခဲ့တဲ့ ကလောမြို့နယ် ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့တို့ကို ဖွင့်လှစ်ထားပြီး ဖြစ်တဲ့ အတွက် စုစုပေါင်း မျိုးအာလူး တန် ၇,၁၀၀ ကျော် သိုလှောင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ တစ်နိုင်ငံလုံးမှာ အာလူးသီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ရှမ်းပြည်နယ်အတွင်း ဧရိယာဧက အများဆုံး အဖြစ် ၆၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခု ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ဧက ၅၁,၅၄၀ စိုက်ပျိုး ထားတယ်လို့ သိရပါတယ်။ မျိုးအာလူး (Seed Potato) ဆိုသည်မှာ စားသုံးရန်အတွက်မဟုတ်ဘဲ ပြန်လည်စိုက်ပျိုးထုတ်လုပ်ရန်အတွက် သီးသန့်ရွေးချယ်ထားသော အာလူးဥများဖြစ်ပြီး အထူးသဖြင့် ဗိုင်းရပ်စ်ရောဂါနှင့် မှိုရောဂါများ ကင်းစင်အောင် စနစ်တကျ ထိန်းချုပ်ပျိုးထောင်ထားရတာဖြစ်ပါတယ်။ (NVS 004)

30 Jan

ADVERTISE HERE .