“လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ”
30 Jan
အစိုးရသစ်ဖွဲ့စည်းပြီးချိန်မှာ လွှတ်တော်အစည်းအဝေးများ ကျင်းပနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၉ ရက်နံနက်ပိုင်းက ကျင်းပခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော တက်ရောက်ခဲ့ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက အမှာစကားပြောကြားရာမှာ တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပသွားမည်ဖြစ်၍ လွှတ်တော် အစည်းအဝေး များ အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများ အလိုက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ထားရမည်ဟု မှာကြားခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်များတက်ရောက်ရမယ့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများ အတည်ပြုပြီးချိန်မှာ ဖိတ်ကြားရေးဆိုင်ရာများကို အချိန်မီဆောင်ရွက်ရန်၊ လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေချောမွေ့စွာ တည်းခို နေထိုင်နိုင်ရေးအတွက် ရိပ်သာများပြင်ဆင်ရန်၊ သောက်သုံးရေနှင့် လျှပ်စစ်မီးများ အဆင်ပြေစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိရေးတို့ကို မှာကြားခဲ့ပါတယ်။ လွှတ်တော်အစည်းအဝေးများ ကျင်းပစဉ်နှင့်ရပ်နားစဉ် ကာလတို့၌ လွှတ်တော်ဝန်းအတွင်း/အပြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်တဲ့ နေရာများမှာ လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရန်၊ လွှတ်တော် ကိုယ်စားလှယ်များအတွက် စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာများ၊ သွားလာရေးအဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ရေးတို့ကို စနစ်တကျဆောင်ရွက်ထားရန် မှာကြားခဲ့ပါတယ်။ လွှတ်တော်အသီးသီးရှိ တယ်လီဖုန်းဆက်သွယ်မှုစနစ်များ၊ e-Voting စနစ်နှင့် Delegate Unit များ၊ LED board များကောင်းမွန်စွာအသုံးပြုနိုင်ရေးတို့အတွက် စမ်းသပ်လေ့ကျင့်မှုများ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်ဝန်ကြီးချုပ်က လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များမှာ လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 004)